ကျီခါး ၁၈ ဇန်နဝါရီ

 

ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျီခါးမြို့ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျီခါးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ရှေးဦးစွာ ကျီခါးမြို့ ကလေးစာပေပွဲတော် မုခ်ဦးဖွင့်ပွဲကို ကျင်းပရာ ကျီခါးမြို့ ဒေသန္တရ နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ပေါင်လျန်းခုပ်က ဆုတောင်းဆက်ကပ်ပေးပြီး ကလေးစာပေပွဲတော် မုခ်ဦးကို ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမ်ခန့်ထန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်၊ ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်နှင့် ချင်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပုမ်ခန့်နွမ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ 

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တက်ရောက်လာကြသူများက မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ အေရိုဗစ်နှင့် ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

mdn

 

ဆက်လက်ပြီး ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပညာတန်ဆောင်ခန်းမ၌ ကျင်းပရာ အ.မ.က(ခွဲ)၊ အမှတ်(၂)ကျီခါးမြို့မှ ကျောင်းသား၊ ကျောင်းသူများက “ကလေးစာပေပွဲတော်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးက မိန့်ခွန်းပြောကြားပြီး ကျီခါးမြို့၊ အ.ထ.က ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကာ အခြေခံပညာဦးစီးဌာန ပြည်နယ်ပညာရေးမှူးက အမှာစကားပြောကြားပြီးနောက် ကန့်ဆောက် အ.လ.က နှင့် ခေါဒမ် အ.လ.က ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်သည်။

 

mdn

 

ယင်းနောက် ချင်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး အ.မ.က(ခွဲ)၊ အမှတ်(၂)ကျီခါးမြို့မှ ကျောင်းသား၊ ကျောင်းသူများက “ဒို့ကျောင်းတော်သီချင်း”ဖြင့် လည်းကောင်း၊ ကျီခါးမြို့၊ အ.ထ.က ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းကာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကလေးစာပေပွဲတော် ပြိုင်ပွဲကျင်းပပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ဂျွန်(ပြန်/ဆက်)