မြိတ် ၁၉ ဇန်နဝါရီ

 

မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဖလှယ်ဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ အဏ္ဏဝါရပ်ရှိ ပုလဲသန္တာဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ပရကျွတ် - မြိတ် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်မြှင့်တင်ရေး အသင်းကြီး၊ မြိတ်ခရိုင် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ပူးတွဲ၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်ဉီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း အတွင်းရေးမှူး ဉီးထွန်းထွန်းနှင့် အသင်းဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံမှ ပရာကျွတ်-မြိတ် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်မြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ Mr. Weera ဉီးဆောင်သည့် ထိုင်းနိုင်ငံသားအသင်းဝင်များ၊ စုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

 

ရှေးဉီးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်ဉီးနှင့် ပရာကျွတ်-မြိတ် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ Mr. Weera တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက တစ်ဉီးချင်း မိတ်ဆက်စကား ပြောကြားခဲ့ကြသည်။

 

ထို့နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်ဉီးနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံမှ Mr. Weera ဉီးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ် မောတောင်ကုန်သွယ်ရေးစခန်း၌ ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်ကဏ္ဍ၊ မြိတ်မြို့နှင့် ပရာကျွတ်မြို့တို့တွင် ဘဏ်စနစ်ဆောင်ရွက်ထားရှိမှုကဏ္ဍ၊ ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ၌ ဘဏ်စာရင်းဖွင့်လှစ်ခွင့်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ရေး၊ ပရာကျွတ်ခီရီခန်ခရိုင်နှင့် မြိတ်ခရိုင်တို့အကြား ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ် (၁၀)ဉီးနှင့် ထိုင်းနိုင်ငံဘက်မှ ကိုယ်စားလှယ် (၁၀)ဉီးစီ ပါဝင်သည့် Working Group ဖွဲ့စည်းနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ ရင်းနှီးမြှုပ်နှံရေးကဏ္ဍ၊ ထိုင်းနိုင်ငံဘက်မှ နည်းပညာဖြင့် မြန်မာနိုင်ငံဘက်မှ ကုန်ကြမ်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးကဏ္ဍ၊ နှစ်နိုင်ငံအလည်အပတ်ခရီး သွားလာရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်ဉီးနှင့် ပရာကျွတ်-မြိတ် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်မြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ Mr. Weera တို့ဉီးဆောင်၍ တက်ရောက်လာကြသည့် မြန်မာ- ထိုင်း နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

 

မြင့်ဉီး(မြိတ်)