ကျိုင်းတုံ ၁၉ ဇန်နဝါရီ
သုတပြည့်စုံကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးရဲဝင်းထွန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီတီနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သုတပြည့်စုံ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ကျောင်းစာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ၊ စာအုပ်၊ စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ စာကြည့်တိုက်ကို မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (MBAPF)၏ စာဖတ်ကြစို့ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)