ကန့်ဘလူ  ၁၉  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ တီဘီဝေဒနာရှင်များအား ရှာဖွေကုသပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသရေးအဖွဲ့၊ မြို့နယ် ခုတင် ၁၀ဝ ဆံ့ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တီဘီတိုက်ဖျက်ရေးဌာန ဝန်ထမ်းများ၊ ဓာတ်ခွဲခန်းမှူးများ၊ ဆရာဆရာမများ ပူးပေါင်း၍ ကျေးရွာသို့ကွင်းဆင်းကာ တီဘီရောဂါ လက္ခဏာများအကြောင်း၊ တီဘီရောဂါသည် မိသားစု၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးများကို ထိခိုက်နိုင်သဖြင့် ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း၊ တီဘီရောဂါဖြစ်လျှင် ကြောက်စရာမလိုဘဲ ဆေးကုသမှုပြီးဆုံးသည်အထိ နေ့စဉ်မှန်မှန် စနစ်တကျ ဆေးသောက်ပါက ရောဂါပျောက်ကင်းမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တီဘီရောဂါ ကွင်းဆင်းရှာဖွာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဓာတ်မှန်ရိုက်ကူးခြင်း၊ သလိပ်ပိုးစစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ပြီး အခြားရောဂါ ဝေဒနာရှင်များကိုလည်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်ပလူနာကုသရေး ဆေးခန်းဖွင့်၍ ကုသပေးလျက်ရှိသည်။

အဆိုပါ ဆေးကုသရာဌာနသို့ လိတ္ထူကျေးရွာအပြင် ကိုင်းတော၊ အင်ကြင်းစု၊ အင်ကြင်းမြိုင်၊ တောက္ကရှပ်၊ ဆိပ်ဖူးမြောင် ကျေးရွာများမှလည်း လာရောက်ပြသကြကြောင်းနှင့် ဆက်လက်၍ ကန့်ဘလူမြို့နယ်အတွင်း မဲသည်၊ ထန်းကုန်း၊ ချပ်ကြီးနှင့် ကိုးထောင်ဘို့ ကျေးရွာများတွင်လည်း ကုသပေးမည်ဖြစ်ကြောင်း မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနမှ ပြောသည်။ 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)