ကြို့ပင်ကောက်  ၁၉  ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့သည်။

 

4154

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဂတ်(စ်)အိုးမီးငြှိမ်းသတ်နည်း၊ မီးသတ်တပ်ဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဈေးအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ကားများ အလွယ်တကူ ဝင်/ထွက်သွားလာနိုင်ရန် ဈေးသူဈေးသားများဖြင့် ပူပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

5656

 

ကြို့ပင်ကောက်မြို့တွင် ယခုနှစ် ပွင့်လင်းရာသီအတွင်း မီးလောင်မှုနှင့် မီးလန့်မှု (၅)ကြိမ်ခန့်ဖြစ်ပွားခဲ့ရာ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ရဲကျော်စွာ ရဲလင်းအောင်က ပြောသည်။

 

0321

 

မြို့မဈေးမီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)