ရန်ကုန်  ၁၉   ဇန်နဝါရီ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၁၉)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၉)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် လစ်လပ်ရာထူး ၃၀၁ နေရာအတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့များရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

အဆိုပါ စာစစ်ဌာနများအနက် ရန်ကုန်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း အလုံစာဖြေဌာန၌ သုတရေးရာဘာသာရပ်ဖြေဆိုနေမှုကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းသည် ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုသူများကို အားပေးစကားပြောကြားသည်။

 

‌ေ

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်း အသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းများကို ရွေးချယ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ပါ ဦးစားပေးနယ်ပယ်တစ်ခုဖြစ်သည့် အရည် အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန် ဖြစ်စေရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် ပထမအဆင့် ပဏာမစစ်ဆေးခြင်း ရေးဖြေစာမေးပွဲမှ အောင်မြင်သူ ၉၆၅ ဦးကို မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သုတရေးရာ ဘာသာရပ် (၃)ခုဖြင့် စစ်ဆေးသည့် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို စာစစ်ဌာန(၅)ခု၌ ကျင်းပရာ ဝင်ရောက်ဖြေဆိုသူ ၈၉၇ ဦး ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)