ရန်ကုန် ၁၉ ဇန်နဝါရီ
ရွှေတောင်ဖောင်ဒေးရှင်းနှင့် Tokyo Construction Co,Ltd. တို့ ပူးပေါင်းဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာအထက်တန်းကျောင်း (မူလတန်းဆင့်) ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတောင်ဖောင်ဒေးရှင်နှင့် IBPC တို့မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကျောင်းဆောင်သစ် ကမ္ပည်းမော်ကွန်းကျောက်စာကို ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ သံအမတ်ကြီးများ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရွှေတောင်ဖောင်ဒေးရှင်းနာယက ဦးအိုက်ထွန်းနှင့် Tokyo Construction Co, Ltd. Chief Representative Mr. Toshiaki Kamenoi တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်ဖောင်ဒေးရှင်းနာယက က ကျောင်းဆောင်သစ်ဆောက်လုပ် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ Mr. Toshiaki Kamenoi၊ ညွှန်ကြားရေးမှူးချုပ်နှင့် အစ္စရေးနိုင်ငံ သံအမတ်ကြီးတို့က ဝမ်းမြောက်စကား ပြောကြားကြသည်။
ထို့နောက် ကျောင်းဆောင်သစ်ကို ရွှေတောင်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းနှင့် Mr. Toshiaki Kamenoi တို့က ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်ပြီး တက်ရောက်လာကြသည့် သံအမတ်ကြီးများ၊ ရွှေတောင်ဖောင်ဒေးရှင်းနှင့် IPBC အဖွဲ့ဝင်များက ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းရန်ပုံငွေများကို ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာကြီးနှင့် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါကျောင်းဆောင်သည် ရွှေတောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ် လှူဒါန်းသည့် ၁၁၂ ကျောင်းမြောက်ဖြစ်ပြီး စတုရန်းပေ ၁၈၀ဝ ကျယ်ဝန်းကာ စာသင်ခန်း နှစ်ခန်းပါဝင်သည်။
(သတင်းစဉ်)