နေပြည်တော်  ၁၉   ဇန်နဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Mainly I Love Kids (MILK), Myanmar တို့အကြား Dreams University စီမံကိန်း၏ ကနဦး ဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် မတူကွဲပြားသည့် လူ့အဖွဲ့အစည်းအတွင်း အချင်းချင်းတန်ဖိုးထားမှု၊ သာတူညီမျှသည့် အခွင့်အရေးများရရှိရန် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)သည် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများမှ ငွေကြေးနှင့် နည်းပညာပံ့ပိုးကူညီမှု များကိုရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပံ့ပိုးကူညီမှုများထဲတွင် Mainly I Love Kids သည် တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး ပူးပေါင်းပံ့ပိုးပေးမှုကို အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း။

 ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံး၏ဆန္ဒအမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုကို ထင်ဟပ်ပြသလျက်ရှိပါကြောင်း၊ အားလုံးတန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင် ဒေသခံများ၏ အရည်အသွေးကို တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံများကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော အခြေအနေသို့ရောက်အောင် ပံ့ပိုးကူညီရန်ဖြစ်ကြောင်း၊ အနာဂါတ်တာဝန်များကို လက်ဆင့်ကမ်းယူကြမည့် ယနေ့လူငယ်များ၏ အိပ်မက်များကို အကောင်အထည်ဖော်ပေးရန် လူငယ်များ၏ ပင်ကိုယ်စွမ်းရည်ပါရမီများကို အသိအမှတ်ပြု၍ အကောင်းဆုံးအခြေအနေရောက်အောင် လက်တွေ့ကျကျ ပံ့ပိုးကူညီရန်ဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာရပ်များ လေ့ကျင့်သင်ကြားပေးရေး ပူးပေါင်းဆောင်ရွက်မည့် သဘောတူစာချုပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များအား လူ့အဖွဲ့အစည်းအတွင်း ပိုမိုဝင်ဆံ့စေရေး၊ မတူကွဲပြားသည့်ယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားတတ် စေရေး၊ လူမှုသဟဇာတဖြစ်စေရေးနှင့် အရည်အသွေးပြည့်ဝသည့် အနာဂါတ်လူငယ်ခေါင်း ဆောင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်သူများ  ဖြစ်လာစေရေးတို့အတွက် ပညာရေး အစီ အစဉ်များ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်တွင် အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နိုင်ရန် ရခိုင်ပြည်သူများပါဝင်ရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ ဤစီမံကိန်းသည် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်များအတွက် ပညာရေးနှင့် အသက် မွေးဝမ်းကျောင်း အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ လူငယ်များ အပါအဝင် ရပ်ရွာလူထုတစ်ရပ်လုံး ပါဝင်ကြရန် လိုအပ်ကြောင်း၊ ပညာရေးသည် လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ပုံဖော်ပေးနိုင်ရန် အရေးကြီးသည့် ကိရိယာတစ်ခု ဖြစ်သည့် အတွက် မိမိတို့အနေဖြင့် ယခုစီမံကိန်းကို အထူးအလေးထား ဖော်ဆောင်ကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရ၊ လွှတ်တော်၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် Mainly I Love Kids (MILK), Myanmar အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး Mr. Tan PohLeng Stanley က ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာလွှာလက်မှတ်ရေးထိုးရခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် Mainly I Love Kids (MILK), Myanmar အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး Mr. Tan PohLeng Stanley တို့က ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုစာလွှာကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)