နောင်ချို ၂၀ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာအနီးရှိ နောင်ချိုတိမ်ပင်လယ်အလှအား ကြည့်ရှုခံစားနိုင်ကြရန်နှင့် စိတ်မွန်းကျပ်မှုများ ပြေပျောက်စေရန်အတွက် Cloudy Villa မှ အနားယူအပန်းဖြေတဲစခန်း (Glamping)များကို ဖွင့်လှစ်ထားရာ အဆိုပါ တဲစခန်းများ၌ တိမ်ပင်လယ် ရှုမျှော်ခင်းအလှကို ကြည့်ရှုခံစားရန် လာရောက်အပန်းဖြေအနားယူသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကြည့်ရှုခံစားသူပိုမိုများပြားလာ
"နောင်ချိုတိမ်ပင်လယ်ဆိုတာ အရင်ကတည်းက ဖြစ်ပေါ်နေပေမယ့် လူသိနည်းတဲ့အတွက် လာရောက်ကြည့်ရှုသူ မရှိခဲ့ပါဘူး။ အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားသားခရီးသွားဧည့်သည်များအပြင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြတဲ့ တိမ်ပင်လယ်အလှကို ကြည့်ရှုခံစားသူပိုမို များပြားလာတာပါ။ ဒါကြောင့် ခရီးသွားပြည်သူများ ကြည့်ရှုခံစားနိုင်ဖို့အတွက် တောင်ကုန်းပေါ်မှာ အပန်းဖြေစခန်းများကို ဖွင့်လှစ်ပေးထားတဲ့အပြင် ညအိပ်တည်းခိုနိုင်အောင်ပါ စီစဉ်ပေးထားပါတယ်။ နောက်နှစ်ဆိုရင် တိမ်ပင်လယ်နေရာကို ခရီးသွားဒေသတစ်ခု ဖော်ဆောင်နိုင်ဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က တရားဝင်ဖွင့်လှစ်ပေးတော့မှာဖြစ်တဲ့အတွက် နောင်နှစ်မှာ တောတွင်းခရီးရှည် လမ်းလျှောက်အပျော်ခရီးစဉ် (Trekking) အစီအစဉ်များကိုပါ စီစဉ်ဆောင်ရွက်သွားမှာပါ" ဟု Cloudy Villa Camp မှ ကိုပြည့်စုံအောင်က ပြောသည်။
အဆိုပါ နောင်ချိုတိမ်ပင်လယ်ရှုခင်းအလှရှိရာ နောင်ချိုကြီးရွာသို့ မန္တလေး - လားရှိုးလမ်းမှတစ်ဆင့် နောင်ချို - ရပ်စောက်ကားလမ်းအတိုင်း တစ်နာရီခန့်သွားရကြောင်း သိရသည်။ တိမ်ပင်လယ်အလှကို တောင်စောင်း နေရာမှကြည့်ရှုနိုင်ပြီး ဆောင်းတွင်းကာလတွင် နံနက် ၅ နာရီမှ ၉ နာရီခန့်အထိ တိမ်ပင်လယ်အလှကို မြင်တွေ့ရမည်ဖြစ်သည်။ ညပိုင်းအချိန်များတွင်လည်း သဘာဝအလင်းရောင်နှင့် ထိစပ်နေသည့် ကောင်းကင်၌ လင်းလက်နေသော ကြယ်စင်အလှကို အံ့ဩဖွယ်ရာ မြင်တွေ့ရမည် ဖြစ်သည်။
အနားယူအပန်းဖြေစခန်း ငါးခုရှိ
၂၀၁၉ ခု နှစ်စပိုင်းမှစတင်ပြီး နောင်ချိုမြို့၌ တိမ်ပင်လယ်ရှုမျှော်ခင်း အလှခံစားနိုင်ကြောင်း လူသိများလာ၍ ယခုနှစ်တွင် တိမ်ပင်လယ်အလှ ရှုမျှော်ခင်း ကြည့်ရှုခံစားနိုင်သည့် အနားယူအပန်းဖြေစခန်း ငါးခုရှိလာကာ အပန်းဖြေ တဲစခန်းများ ဆောင်ရွက်ပေးထားခြင်းကြောင့် ပြည်သူများ စည်ကားလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အပန်းဖြေအနားယူသင့်
ထို့အပြင် Cloudy Villa မှ တိမ်ပင်လယ်ရှုမျှော်ခင်းအလှကို ကြည့်ရှုခံစားနိုင်စေရန်အတွက် မြင်ကွင်းအလှဓာတ်ပုံအဖြစ် တောင်ဒရမ်းထိပ်ဝရန်တာ၊ ကြိုးဒန်း၊ ချိတ်ဒန်း၊ အလှရိုက်ကြိမ်ထိုင်ခုံနှင့် ငှက်သိုက်များအပြင် see view အဖြစ် ဝရန်တာတစ်ခုပါ ပြုလုပ်ပေးထားကြောင်း သိရသည်။ နယ်မြေဒေသ လုံခြုံအေးချမ်းသောကြောင့် တိမ်ပင်လယ်အလှရှိရာနေရာသို့ လာရောက်လည်ပတ် အပန်းဖြေအနားယူသင့်ကြောင်း သိရသည်။
ပွင့်သစ္စာ