မကွေး ၂၀ ဇန်နဝါရီ
အမှိုက်သိမ်းကား (၁၄)စီးဖြင့် မကွေးမြို့မှထွက်ရှိသည့် အမှိုက်တန်ချိန် ခြောက်ဆယ်ခန့်ကို နေ့စဉ်သိမ်း ဆည်းနေသော်လည်း စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုက်ပုံကြီးများကို လိုက်လံရှင်းလင်း နေရဆဲဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
“ ပြီးခဲ့တဲ့ သုံးရက်လောက်က အဝေရာလမ်းဘေး မီးရထားလမ်းကူးနေရာက အမှိုက်ပုံကြီးကို စက်ယန္တရားတွေနဲ့ရှင်းတယ်။မြေဖို့တယ်။ အမှိုက်မပစ်ရဆိုင်းဘုတ်ထောင်တယ်။ မနေ့က ကမ်းနားလမ်း နဲ့ ကင်းရပ်ကွက်အဝင်လမ်းနားက အမှိုက်ပုံကြီးကို ထပ်ပြီးရှင်းလင်းခဲ့ပါတယ်။ မကွေးမှာက တစ်ရက်ကို အမှိုက် ၅၆ တန် သိမ်းပေမယ့် ဒီလိုအမှိုက်ပုံကြီးတွေ ရှိနေသေးတယ်။သန့်ရှင်းရေးဌာနစိတ်က လိုက်လံရှင်းပေးနေပါတယ် ” ဟု မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ရုံး(စီမံ) ဒုတိယ ဦးစီးမှူး ဦးအောင်မျိုးသိန်းက ပြောသည်။

မကွေးမြို့ကို ဇုန်(၉)ခုခွဲပြီး ပြည်သူများနေအိမ်ရှေ့အရောက် သိမ်းဆည်းသည့် အမှိုက်သိမ်းယာဉ်(၉)စီး ၊ မြို့၏ အဓိကမိန်းလမ်းမကြီးများတွင် တံမြက်စည်းလှဲအဖွဲ့မှ လှဲကျင်းစုပုံပေးထားသော အမှိုက်များကို သိမ်းဆည်းသည့်ယာဉ်(၂)စီး ၊ မြို့ပေါ်ဈေး(၅)ဈေးမှ အမှိုက်များသိမ်းဆည်းရန် ယာဉ်(၂)စီး ၊ စီးပွားရေး လုပ်ငန်းများမှ အမှိုက်များကိုအခကြေးငွေဖြင့် လက်ခံသိမ်းဆည်းပေးသည့် ယာဉ်တစ်စီး စုစုပေါင်း အမှိုက်သိမ်းယာဉ် (၁၄)စီးဖြင့် မကွေးမြို့ အမှိုက်သိမ်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
ယင်းသို့ လုပ်ဆောင်နေသော်လည်း သိင်္ဂါရပ်ကွက်မှ မြို့ရှောင်လမ်းအထွက်နေရာ ၊ မြသလွန် ဘုရားပွဲတော်ကွင်းအနီး ဧရာဝတီမြစ်ကမ်းဘက် ကျောက်ရိုးစည်ရေကာတာ အောက်ဖက်နေရာ နှင့် အခြားနေရာအချို့တွင် အမှိုက်ပုံများ ရှိနေဆဲဖြစ်ပြီး စည်းကမ်းမဲ့သူများက အမှိုက်ပစ်နေဆဲဖြစ်ကြောင်း သိရသည်။
“ စီးပွားရေးလုပ်ငန်းကထွက်တဲ့အမှိုက်တွေကို လုပ်ငန်းရှင်တွေက သုံးဘီးတွေနဲ့ အမှိုက်ကျင်းကို ပစ်ခိုင်းတာရှိတယ်။ အဲဒါကို တစ်ချို့က ဆီကုန်မှာစိုးလို့ ရောက်အောင်မသွားဘဲ ကျန်းမာရေး တက္ကသိုလ်သွားတဲ့ လမ်းတစ်ဝက်လောက်မှာ ပစ်ခဲ့တာမျိုးတွေရှိတယ်။ မြစ်ကမ်းစပ်မှာတော့ ဟိုးအရင်ကတည်းက မိရိုးဖလာအမှိုက်ပစ်တဲ့ပုံစံတွေ ရှိနေသေးတယ်။နွေရာသီမှာ ပစ်ထား၊ ပုံထားတယ်။ မြစ်ရေတက်ရင် မျောသွားမှာပဲဆိုပြီးတော့ “ ဟု ဦးအောင်မျိုးသိန်းက ဆိုသည်။
အမှိုက်သိမ်းယာဉ်များတွင် GPS တပ်ဆင်ကာ အလုပ်တာဝန်များကို စည်ပင်ရုံးမှ ကွပ်ကဲလျက်ရှိပြီး အမှိုက်သိမ်းဆည်းရေးကိစ္စများနှင့် ပတ်သက်ပါက သန့်ရှင်းရေးဌာနစိတ် ရုံးဂျူတီဖုန်း ၂၀၂၅၀၄၈ နှင့် ဌာနစိတ်တာဝန်ခံ ဖုန်း - ဝ၉- ၄၃၁၅၆၇၀၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
အမှိုက်ပုံကြီးများ ရှိနေခြင်းနှင့်စပ်လျဉ်း၍ “ အမှိုက်ပစ်တဲ့သူတွေကိုလည်း ဓါတ်ပုံရိုက်ပေးပါ့မယ် ၊ စည်ပင်ဥပဒေအရ အရေးယူပေးပါ ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်သူ ကိုအိုလာက သူ၏သဘောထားကို ပြောသည်။
ဇေယျတု(မကွေး)