ကော့သောင်း ၂၀ ဇန်နဝါရီ
ကော့သောင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းအား ယနေ့နံနက် ၉ နာရီက ကော့သောင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကော့သောင်းခရိုင် ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်လေး က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ယူဆောင်ရွက်နေရသည့် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်များနှင့်အညီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး အရည်အသွေးနှင့် စွမ်းဆောင်ရည်များ မြှင့်မားနေရန် ဆင့်ပွားပို့ချခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အဓိကကျသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာဗျူဟာ စီမံကိန်းပန်းတိုင်များ၊ ရွေးကောက်ပွဲ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် ဆောင်ရန်နှင့်ရှောင်ကြဉ်ရန် အချက်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေငြာခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်များ အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုများကို စီမံခန့်ခွဲခြင်း၊ မီဒီယာနှင့်ဆက်သွယ် ပြန်ကြားခြင်းဆိုင်ရာ စသည့်အခြေခံကျသော သင်ခန်းစာများကို ခေါင်းစဉ်(၁၀)ခုဖြင့် သင်တန်းနည်းပြ ၃ ဦးမှ နှစ်ရက်ကြာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကော့သောင်းခရိုင်နှင့်ကော့သောင်းမြို့နယ် ၊ဘုတ်ပြင်းမြို့နယ်တို့မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ စုစုပေါင်းဦးရေ ၂၀ တက်ရောက်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)