မန္တလေး ၂၀ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ ခု ရှိ ကျေးရွာ ၂၀ မှ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဇန်နဝါရီလကုန်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“ဆောင်ရွက်မယ့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဒသမ ၃ ဘီလီယံ အသုံးပြုသွားမှာဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူထားပြီးဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။
“လုပ်ငန်း တင်ဒါခေါ်တာကို အခုဇန်နဝါရီ ၉ ရက်နေ့က ပိတ်ခဲ့ပြီး လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၄၄ ခု ရှိတယ်။ အရင်နှစ်တွေက တချို့ကို ဌာနကနေ ဆောင်ရွက်ခဲ့ပေမယ့် ဒီနှစ်မလုပ်တော့ဘဲ ကြီးကြပ်တာပဲလုပ်မယ်၊ အကုန်လုံး ကုမ္ပဏီတွေကို ချပေးမှာပါ"ဟု ၎င်းကဆက်လက်ပြောကြားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီးတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို သပိတ်ကျင်းမြို့နယ်တွင် ကျေးရွာ လေးရွာ၊ စဉ့်ကူးမြို့နယ်တွင် ကျေးရွာ လေးရွာ၊ မတ္တရာမြို့နယ်တွင် ကျေးရွာသုံးရွာ၊ ငါန်းဇွန်မြို့နယ်တွင်ကျေးရွာ နှစ်ရွာ၊ အမရပူရမြို့နယ်တွင် ကျေးရွာ တစ်ရွာ၊ စဉ့်ကိုင်မြို့နယ်တွင်ကျေးရွာ တစ်ရွာ၊ မြစ်သားမြို့နယ်တွင်ကျေးရွာ တစ်ရွာ၊ တံတားဦးမြို့နယ်တွင် ကျေးရွာ တစ်ရွာ၊ တောင်သာမြို့နယ်တွင် ကျေးရွာ တစ်ရွာ၊ ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာ တစ်ရွာနှင့် ညောင်ဦးမြို့နယ်တွင် ကျေးရွာတစ်ရွာ တို့၌ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို မြစ်ရေကျချိန်တွင် အပြီးပြတ်ဆောင်ရွက်မည်ဖြစ်ကာ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်သို့ ဌာနမှ အင်ဂျင်နီယာများနင့် Third Party အဖွဲ့တို့က ပြီးစီးသော လုပ်ငန်းအဆင့် အလိုက် ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)