နမ့်ခမ်း ၂၀ ဇန်နဝါရီ
စာဆိုတော်နေ့အကြို အထိမ်းအမှတ်အဖြစ် ရှမ်းရိုးရာ ပုရပိုက်ကို ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ဇေယျသုခ ကျောင်းတိုက်၌ ဇန်နဝါရီလ ၁၉ ရက်နေ့က ပထမအကြိမ် ရှမ်းရိုးရာ ပုရပိုက် စာတမ်းဖတ်ပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားကို မန့်ဟောင်းကျောင်းတိုက်ဆရာတော် ဦးဥတ္တမသာရက ရှေးဟောင်းပုရပိုက်ကို ပင့်ဆောင်ကာ ဖယောင်းတိုင်ထွန်းညှိ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ၊ ဇေယျသုခကျောင်းတိုက်ဆရာတော် ဒေါက်တာ အရှင်ဝိနယာစာရ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)က ဩဝါဒတရားချီးမြှင့်တော်မူခဲ့သည်။
ယင်းနောက် ပန်းဒကာ (ဘိသိက်ဆရာ)အဖွဲ့ဥက္ကဋ္ဌ စိုင်းမောဝ်ခမ်းက ဂုဏ်ပြုထောပနာ ပြောကြားပြီး ပန်းဒကာ(၇)ဦးစီပါဝင်သော အဖွဲ့(၄)ဖွဲ့ခွဲ၍ နံနက်ပိုင်း(၂)ဖွဲ့ ညနေပိုင်း(၂)ဖွဲ့ဖြင့် ဇာတ်တော်များ၊ ဗုဒ္ဓတရာတော်များ၊ ဝိပဿနာများ၊ ဝေါဟာရများ၊ လင်္ကာဖွဲ့ နည်းနှင့်သမိုင်းကြောင်းများရ ေးဖွဲ့ပြုစုထားသော ရှမ်းစာပေ ပုရပိုက် စာတမ်းဖတ်ပွဲကို နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ အလှည့်ကျရွတ်ဖတ်ခဲ့ကြသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် ဒေါက်တာ အရှင် ဝိဇယာ ဘိပါလနှင့် အဖွဲ့ဝင်သံဃာများ၊ နမ့်ခမ်းမြို့နယ် ဩဝါဒါစရိယဆရာတော်များ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် သံဃာတော်များ၊ ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းရိုးရာ စာပေပုရပိုက် ရေးသားပြုစုကြသည့် ရှမ်းစာပေပညာရှင်များ၊ ပန်းဒကာ (ဘိသိက်ဆရာ)များ၊ ရပ်ကွက်ကျေးရွာများမှ ရပ်မိရပ်ဖများ (၅၀ဝ)ကျော်တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဉာဏ်မင်း(နမ့်ခမ်း)