ရန်ကုန်  ၂၀  ဇန်နဝါရီ

 

မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်ပြုလုပ်မည့် တယ်လီနော၏ Open Mind အစီအစဉ်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ တယ်လီနောမြန်မာရုံးချုပ်တွင် ကျင်းပခဲ့သည်။

 

မသန်စွမ်းသူများအတွက် လုပ်ငန်းခွင်လေ့ကျင့်ရေးအစီအစဉ်တစ်ခုဖြစ်သော တယ်လီနော၏ Open Mind အစီအစဉ်သည် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ အကြားအာရုံ သို့မဟုတ် အမြင်အာရုံချို့ယွင်းသူများအပြင် စိတ်ကျန်းမာရေးဆိုင်ရာ ရင်ဆိုင်နေရသူများ ပါဝင်နိုင်ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

တယ်လီနော၏ မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည် မသန်စွမ်းသူများ လုပ်ငန်းခွင် လေ့ကျင့်ရေးအစီအစဉ်အတွက် ကိုမျိုးမင်းထက်၊ မနုထွေးဝင်း၊ မဝေဝေအောင်တို့ ဉီးအား ရွေးချယ်ထားပြီး ဘဏ္ဍာရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနနှင့် ကော်ပရိတ်ရေးရာဌာနတို့တွင် တစ်နှစ်တာအတွင်း တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ တစ်နှစ်တာအစီအစဉ်အတွင်း နှစ်လတာကာလမှာ လေ့ကျင့်ရေး အစီအစဉ်များဖြစ်ပြီး ဆယ်လတာကာလမှာ လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်ဖြစ်သည်။

 

အခု အစီအစဉ်ကနေ ကျွန်တော်တို့ မသန်စွမ်း သုံးယောက်ကို ခန့်အပ်ပေးတဲ့အတွက်ကြောင့် လုပ်ငန်းခွင်မှာ ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ အရည်အချင်းတွေကို ထုတ်ပြခွင့်ရရှိတော့မှာပဲ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ နိုင်ငံတကာကုမ္ပဏီကြီးဖြစ်သလို မြန်မာနိုင်ငံမှာလဲ အကြီးဆုံးအော်ပရေတာအဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာ စံပြအနေနဲ့ မသန်စွမ်းတွေကို ခန့်အပ်ပြီးတော့ မသန်စွမ်းတွေရဲ့ အရည်အချင်းတွေ၊ အတွေ့အကြုံတွေကို လုပ်ငန်းခွင်မှာ အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် ဒီအစီအစဉ်ကမှတဆင့် အခြားသော စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မသန်စွမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို မျက်ဝါးထင်ထင် လေ့လာခွင့်ရရှိပြီးတော့ အနာဂတ်ကာလမှာ သူတို့အနေနဲ့ မသန်စွမ်းတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးလာလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ မျှော်လင့်မိပါတယ်ဟု Open Mind အစီအစဉ်အတွက် ရွေးချယ်ခြင်းခံထားရသူတစ်ဉီးဖြစ်သည့် ကိုမျိုးမင်းထက်က ပြောကြားခဲ့သည်။

 

မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ရေးဆွဲထားသော တယ်လီနော၏ Open Mind အစီအစဉ် သည် ၁၉၉၆ ခုနှစ်တွင် နော်ဝေမှ စတင်ခဲ့ကာ ဆွီဒင်နှင့် ပါကစ္စတန်နိုင်ငံများတွင် ဖြန်ကျက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်(ယခုနှစ်) မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်ခြင်းဖြစ်သည်။ တယ်လီနော မြန်မာသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့်ပူးပေါင်းကာ Open Mind အစီအစဉ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - ထိန်လင်း