ပူတာအို ၂၀ ဇန်နဝါရီ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် Myanmar Kindness Foundation(မြန်မာကိုင်းနက်(စ်)ဖောင်ဒေးရှင်း) တို့ ပူးပေါင်းမှုဖြင့် အမေရိကန်အခြေ စိုက် Rotary Clubs မျက်စိ အထူးကုဆရာ၀န်ကြီးများက မျက်စိအခမဲ့စမ်းသပ်စစ်ဆေးပေးပြီး မျက်မှန်များလှူဒါန်းပေးခြင်းကို ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီမှစတင်၍ ပူတာအိုမြို့နယ် လီဆူစာပေနှင့်ယဉ်ကျေးမှုကွင်း၌ ပထမရက်အနေဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
" ကျွန်တော်တို့ ပူတာအိုမြို့နယ်မှာ အမေရိကန်အခြေစိုက် မျက်စိအထူးကုဆရာ၀န်များရဲ့ မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်းကို ဇန်နဝါရီ(၂၀)ရက်မှ (၂၃)ရက်နေ့အထိ အခမဲ့ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီနေ့ ပူတာအိုမြို့နယ် လီဆူစာပေနှင့် ယဉ်ကျေးမှုကွင်းမှာကျတော့ အခုထိ(နေ့လည် ၁၂ နာရီထိ) ၃၅၀ လောက်ဆောင် ရွက်ပေးသွားပြီးဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း လူများရင်များသလို ညနေပိုင်းအထိ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်မြောက်ဖို့အတွက် အဘက်ဘက်ကနေ ဝိုင်း၀န်းကူညီပေးကြတဲ့ ပူတာအိုဒေသမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်" ဟု ပူတာအိုမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေကပြောသည်။
" မျက်စိအထူးကုဆရာ၀န်လေးဦးမှ မျက်စိစစ်ဆေးမှုများပြုလုပ်ပေးပြီးတော့ မျက်မှန် အနီးမှုန် အဝေးမှုန် တပ်ဆင်ရန်လိုအပ်သူများကို မျက်မှန်များ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ မျက်စိရေတိမ်၊ တခြားမျက်စိနှင့် ပတ်သက်သောရောဂါရှိသူ၊ မျက်စိခွဲစိတ်ဖို့လိုသူများကိုကျတော့ မြစ်ကြီးနားဆေးရုံနဲ့အခြား မြန်မာနိုင်ငံမှ မျက်စိ အထူးကုဆရာ၀န်များနဲ့ချိတ်ဆက်ပြီးတော့ ကုသဖို့အတွက်လမ်းညွှန်မှု ပေးသွားမှာဖြစ်ပါတယ်" ဟု ယင်းမျက်စိ အခမဲ့စမ်းသပ်စစ်ဆေးမှုတွင် ကိုယ်တိုင်ပါ၀င်ဆောင်ရွက်နေသော Rotary Club Of Yangon မှ ဒေါ်ဟေမာ အောင်ကပြောသည်။
အဆိုပါ အမေရိကန်အခြေစိုက် Rotary Clubs မှ Dr.V.E Falkenhain ဦးဆောင်သော မျက်စိအထူးကု ဆရာ၀န်လေးဦးနှင့် မျက်မှန်အလှူရှင်ကူညီပေးသူ လေးဦးပါ၀င်သော အဖွဲ့သည် ဇန်နဝါရီ ၂၀ ရက်တွင် ပူတာအိုမြို့နယ် လီဆူစာပေနှင့် ယဉ်ကျေးမှု၀င်းခန်းမတွင်လည်းကောင်း၊ ဇန်နဝါရီ ၂၁ ရက်တွင် ပမ္မတီးကျေးရွာ အမှတ် (၅) အေဂျီဘုရားကျောင်း၀င်း၌ လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင် မာမူးလဲ့ကျေးရွာ အမှတ် (၅) အေဂျီဘုရား ကျောင်း၀င်း၌လည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်တွင် မာမိန်-၁ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၀င်း၌ လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းလေးရက်တာ ကာလတွင် မျက်စိဝေဒနာရှင် ၂၀၀၀ ခန့်ကို အခမဲ့မျက်မှန် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)