နေပြည်တော် ၂၀ ဇန်နဝါရီ 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် တိုင်းဒေသကြီး ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ခံအရာရှိများ တက်ရောက်ကြသည်။

 

‌ေ

 

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိများအနေဖြင့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ တာဝန်ပေးအပ်မှုကို ရှင်းရှင်းလင်းလင်းသိရှိပြီး ဝန်ကြီးဌာနကို ကိုယ်စားပြုသဖြင့် ဌာနခွဲခြားလုပ်ဆောင်ခြင်းကို အထူးရှောင်ကြဉ်ရန်၊ တာဝန်ခံအရာရှိမဟုတ်သော ဉီးစီးဌာန တာဝန်ရှိသူများကလည်း တာဝန်ခံအရာရှိ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပူးပေါင်းပံ့ပိုးကူညီရန်၊ လုပ်ငန်းများဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်မြန်ဆန်မှန်ကန်စွာ ဆောင်ရွက်ရန်၊ ဦးစီးဌာနနှစ်ခု၏ တာဝန်ဝတ္တရားများသာမက ပြည်ထောင်စုဝန်ကြီးရုံးက အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များအပေါ် တာဝန်ယူတာဝန်ခံ ဆောင်ရွက်ရမည်ဖြစ်ပြီး ရုံးစိုက်ရာ တိုင်းဒေသကြီးပြည်နယ်၏ အစိုးရအဖွဲ့၊ အခြားဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအသင်းအဖွဲ့များနှင့် အလုပ်သဘောဆွေးနွေးဆက်ဆံရသည့် ကိစ္စရပ်များတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို တာဝန်ခံ ကိုယ်စားပြုရမည်ဖြစ်၍ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်မကျဆင်းစေရန် အထူးဂရုပြုလျက် ဝန်ထမ်းများက စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ ဝန်ကြီးဌာနအပေါ် ဒေသခံပြည်သူလူထုက လေးစား အားကိုး စေရေးအတွက် ဒေသခံများ၏ လိုအပ်ချက်များကို အလျင်မြန်ဆုံးအကောင်းမွန်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနိုင်ရေး အထူးအလေးပေး ကြိုးစားဆောင်ရွက်သွားကြရန်၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဉပဒေ နည်းဉပဒေများ ပြဋ္ဌာန်းပြီးဖြစ်၍ ဉပဒေ နည်းဉပဒေများကို ကြေညက်စွာ လေ့လာသိရှိထားရန်နှင့် နည်းဉပဒေ အခန်း(၆)၌ဖော်ပြပါရှိသော “စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်း” ခေါင်းစဉ်အောက်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ စီမံကိန်းများ အကောင်အထည်ဖော်မှုတွင် ဆက်စပ်ဌာနများနှင့် စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် ပြောကြားသည်။

 

‌ေ

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ဝန်ထမ်းများသည် တိုင်းရင်းသားများဖြစ်ကြ၍ စည်းလုံးညီညွတ်မှုရှိရန်၊ တာဝန်ခံအရာရှိများသည် ဦးစီးဌာနနှစ်ခု၏ တာဝန်ခံအဖြစ် သတ်မှတ်တာဝန်ပေးအပ်ပြီးဖြစ်၍ စွမ်းဆောင်ရည်ထက်မြက်ကာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၏ လက်စွဲဖြစ်ရန်နှင့် ရုံးအဆောက်အအုံကို Ethnic Communication Center (ECC) အဖြစ် အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ရေးတို့ကို ဖြည့်စွက်ပြောကြားသည်။

ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက လိုအပ်ချက်များကို ဖြည့်စွက်ညှိနှိုင်းပေးပြီး ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

‌ေ

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခြင်းခံရသော ဝန်ထမ်းများအတွက် ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေများကို ချီးမြှင့်ရာ ဂုဏ်ပြုခံဝန်ထမ်းများက လက်ခံရယူကြသည်။ 

တိုင်းဒေသကြီးပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများ၏ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ၁၄ ရုံး ဖွင့်လှစ်ကာ ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးခဲ့ပြီး အရာထမ်း အမှုထမ်းများက သက်ဆိုင်ရာ အစိုးရအဖွဲ့အပါအဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားမျိုးနွယ်အစုအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း၍ ဒေသခံ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်မှုများအပြင် တိုင်းဒေသကြီး ပြည်နယ်များရှိ တည်ဆောက်ပြီးစီးသော ရုံးအဆောက်အအုံများတွင် တိုင်းရင်းသားများ၏ ဆွေးနွေးပွဲများ၊ အခမ်းအနားများ၊ နေ့ထူးနေ့မြတ်ပွဲများ၊ သင်တန်းများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)