မြိတ် ၂၁ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီမှ သိမ်းဆည်းထားသော သက်တမ်းလွန်နှင့် သုံးစွဲရန်မသင့်သည့် အစားအသောက်နှင့် ဆေးဝါးများ စုပေါင်း မီးရှို့ဖျက်ဆီးခြင်းကို ဇန်နဝါရီ ၂၀ ရက် ညနေ ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

မီးရှို့ဖျက်ဆီးရာသို့ မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဉီးစီးဌာန(FDA)မှ ဒုကြီးကြပ်ရေးမှူး ဒေါ်နော်ဇင်မင်းဖြူနှင့်ဝန်ထမ်းများ၊ မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဉီးစီးမှူး ဉီးဝင်းရွှေ၊ မြိတ်ခရိုင် စားသုံးသူ ရေးရာ ဉီးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဉီးညီညီဇော်၊ မြိတ်မြို့နယ် မီးသတ်ဉီးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ကလွင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့ဝင်များစုစုပေါင်း(၁၅)ဉီးတက်ရောက်ခဲ့ကြသည်။

မီးရှို့ဖျက်ဆီးရာတွင် သက်တမ်းလွန်နှင့် သုံးစွဲရန်မသင့်သောဆေးဝါးများ၊ အလှကုန် ပစ္စည်း(၇)မျိုးနှင့် စားသောက်ကုန် ၂၁ မျိုး၊ စုစုပေါင်း ကာလတန်ဖိုးငွေကျပ်( ၂၀၃၄၁၉၁ ဒသမ ၇၂ ) ရှိ စားသုံးရန်နှင့် သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်း၊ အစားအသောက်နှင့် ဆေးဝါးများ၊ မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ သိမ်းဆည်းခဲ့သည် ဆေးဝါးများနှင့် လာရောက် အပ်နှံခဲ့သည့် သက်တမ်းလွန်နှင့်သုံးစွဲရန်မသင့်သော ဆေးဝါးများဖြစ်ကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)