ကန်ကြီးထောင့်  ၂၁  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၃၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်၊နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

96

 

အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှကြိုင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်း၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူတို့က လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသအတွက်ဖွံ့ဖြိုးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းအရည်အသွေးကောင်းမွန်ရေး၊ စံချိန် စံညွှန်းများ ပြည့်မီရေးနှင့် ရေရှည်တည်တံ့ရေးများကိုအလေးထားဆောင်ရွက်သွားကြရန်နှင့် အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းကိုဦးစားပေးဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။

 

693

 

ယင်းနောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ (အတွင်းရေးမှူး) မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်တို့က လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

42.

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့များသို့ သောက်သုံးရေရရှိရေးလုပ်ငန်း (၁) ခု၊ ကျေးလက်လမ်း၊တံတားများ‌ ဆောက်လုပ်ပြုပြင်ခြင်းလုပ်ငန်းများ (၃၄) ခုနှင့် ပြည်သူလူထု၏ အမှန်တကယ် လိုအပ်ချက်ဖြစ်‌သောအခြားလုပ်ငန်း (၁) ခု စုစုပေါင်းလုပ်ငန်း (၃၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖွံ့ဖြိုးရေးရန်ပုံငွေကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နန်းထိုက် (KGD)