ပုလဲ ၂၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၇၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ပုလဲမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မှုမှသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာနှစ်မှာ ရနောင်ကုမ္ပဏီက တင်ဒါအောင်မြင် ငွေကျပ် ၇ ဒသမ ၆၄ သန်းဖြင့် သက္ကယ်ကျင်း-ဘန့်ဘွေးလမ်းပိုင်းမှာ Box-Culvert (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ငွေကျပ် ၅၂ ဒသမ ၅၈ သန်းဖြင့် သက္ကယ်ကျင်း-ဘန့်ဘွေးလမ်းအား မြေ+ ဂျင်း လမ်းခင်းခြင်းလုပ်ငန်း၊ ငွေကျပ် ၁၁ ဒသမ ၇၅ သန်းဖြင့် သက္ကယ်ကျင်း - ဘန့်ဘွေးလမ်းပိုင်းမှာ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း၊ ငေွကျပ် ၁ ဒသမ ၄၁ သန်းဖြင့် သက္ကယ်ကျင်း - ဘန့်ဘွေးလမ်းပိုင်းမှာ ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်း၊ ငွေကျပ် ၇ ဒသမ ၀၅ သန်းဖြင့် သက္ကယ်ကျင်း-ဘန့်ဘွေးလမ်းပိုင်းမှာ ရေကျော်တည်ဆောက်ခြင်း လုပ်ငန်း၊ ငွေကျပ် ၂၇ ဒသမ ၃၉သန်းဖြင့် သက္ကယ်ကျင်း-ဘန့်ဘွေးလမ်းပိုင်းမှာ ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်း၊ ငွေကျပ် ၁၁၇ ဒသမ ၃ သန်းဖြင့် ပုလဲ - ဂန့်ဂေါ ကားလမ်းမှ နွယ်ရှောက် - ပန်းရွာ လမ်းပိုင်းအား ကျောက်လမ်းခြင်း လုပ်ငန်းနှင့် ငွေကျပ် ၁၀၁ ဒသမ ၉၈ သန်းဖြင့် မြကုန်း - သေတ္တရာ - ကျေးနင်းကြီး - နားတော်မောက်လမ်းပိုင်းအား ကျောက်လမ်းခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပုလဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ (၁) ဒေါ်နန်းခိုင်သဉ္ဇာက ပြောသည်။

“ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ ပုလဲစတားကုမ္ပဏီက တင်ဒါအောင်မြင်ငွေကျပ် ၁၂၁ ဒသမ ၆ သန်းဖြင့် မုံသွင်- ချင်ပြစ် လမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ငွေကျပ် ၁၅၄ ဒသမ ၂ သန်းဖြင့် ပုထိုးသာ - မုံသွင်လမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဒသမ ၇ သန်းဖြင့် ညောင်ကုန်း-မွေ့တုံလမ်းပိုင်းအား ဂျင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၄၀ ဒသမ ၈၀ သန်းဖြင့် ဇီးရင်း+ ကမ္ဘားရပ် လမ်းပိုင်းအားမြေ + ဂျင်းလမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ” ဟု မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၊ အငယ်တန်းအင်ဂျင်နီယာ(၁) ဒေါ်နန်းခိုင်သဉ္ဇာက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း ကိုက်ညီမှုရှိစေရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်လုပ်ငန်း အရည်အသွေး စိစစ်ရေးအဖွဲ့များနှင့် ခရိုင် / မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများက စဉ်ဆက်မပြတ် ကွင်းဆင်းကြီးကြပ်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)