နေပြည်တော် ၂၁ ဇန်နဝါရီ
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအတွက် အိန္ဒိယနိုင်ငံ အစိုးရက ပေးပို့လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၂၃၅၄၅၆ တန်ဖိုးရှိသော ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့၊ အိန္ဒိယဆိပ်ကမ်းသိုလှောင်ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အိန္ဒိယနိုင်ငံက လှူဒါန်းသော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း (Relief Aid Bag) ၂၀၀၀၀ သည် ဘေးဒုက္ခခံစားရသူများအတွက် များစွာအသုံးဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ အဆင်ပြေမှုရှိစေရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပါကြောင်း၊ မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိရာ အိန္ဒိယနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ပေးအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နားလည်မှုစာချွှန်လွှာ ရေးထိုး၍ အိန္ဒိယနိုင်ငံက ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ (၂၅)သန်းတန်ဖိုးရှိ အထောက်အပံ့အကူအညီများ ပေးအပ်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်းက မောင်တောမြို့နယ်ရှိ ရွှေဇား၊ နံ့သာတောင်နှင့် ကြိမ်ချောင်းတောင်ကျေးရွာများတွင် အိမ်အလုံး (၂၅၀)ကို ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်၍ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း။
ယခုဘဏ္ဍာရေးနှစ်တွင်လည်း ဖွံ့ဖြိုးမှုစီမံချက် (၁၂)ခုကို Project Agreement များ ရေးထိုးဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုအတွက် အဖက်ဖက်က ဆောင်ရွက်လျက်ရှိရာ စင်ကာပူနိုင်ငံအခြေစိုက် အလှူရှင်အဖွဲ့အစည်းဖြစ်သည့် Asian Philanthropy Circle (APC) နှင့် Mainly I love Kids (MILK) တို့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိလူငယ်များကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်နိုင်ရန်နှင့် လိုအပ်သော ကျွမ်းကျင်မှုများနှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများကို သင်ကြားပေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိတ်ဆွေနိုင်ငံများ၏ အကူအညီများသည် မိမိတို့အတွက် အင်အားတစ်ခုဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးသည် နှစ်ပေါင်းများစွာကတည်းက လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုခြင်း ကူးလူးဆက်ဆံမှုများရှိခဲ့ရာ ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးသည် ဆက်လက်တည်မြဲနေမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ရခိုင်ပြည်နယ်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အိန္ဒိယနိုင်ငံက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ယခုကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများကို အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိစ္စများနှင့် ပူးပေါင်းဆောင်ရွက်ပေးရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လှူဒါန်းပေးအပ်ထားသည့် ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်