မကွေး ၂၂  ဇန်နဝါရီ

 

မကွေးမြို့တွင်း လမ်းမီးများကို ဝန်ထမ်းဖြင့် အပိတ်အဖွင့် လုပ်သည့်စနစ်မှ သတ်မှတ်ချိန်အတွင်း မီးလင်းစေရန် ချိန်ညှိထားသည့် အော်တိုစနစ်သို့ ပြောင်းလဲလုပ်ဆောင်နေပြီဖြစ်ပြီး လမ်းမီး မီတာဘောက် (၄၇)လုံး နှင့် Auto Timer Switch (၄၇) လုံးတို့ကို တပ်ဆင်နေကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

693

 

ယင်းသို့လုပ်ဆောင်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းကစတင်ခဲ့ပြီး မကွေးမြို့တွင်း လမ်းမီး LED (၁၂၁၂) လုံး တပ်ဆင်မှုကို တင်ဒါအောင်ခဲ့သည့် (Supremacy Company Limited )မှ ၃၂ လုံး တာဝန်ယူတပ်ဆင်ခဲ့ကာ  မြို့နယ်စည်ပင်မှ လျာထားဘတ်ဂျက်ငွေကျပ် ၃၁၄၄၅၀ဝ ဖြင့် ကျန် ၁၅ လုံး ကို တပ်ဆင်လျက်ရှိသည်။

 

ဒီလိုမျိုး တပ်လိုက်ခြင်းအားဖြင့် မီတာအမှန်သုံးစွဲတဲ့ဟာကို ပေးဆောင်ရမယ်။ ကျွန်တော်တို့ကလည်း အတိအကျပေးဆောင်ရသလို လျှပ်စစ်ဌာနဘက်ကလည်း အတိအကျရမယ်။ အရင်တုန်းကတော့ မီးတိုင် ဘယ်နှစ်တိုင်ရှိတယ်။ မီးလုံးဘယ်နှစ်လုံးရှိတယ်။ ဘယ်နှဝပ်ဆိုလို့ရှိရင် မီတာခဘယ်လောက်ဆိုပြီး ခန့်မှန်းပြီး ကောက်လိုက်တဲ့အခါကျတော့ တချို့မီးတိုင်ကမရှိဘူး။ ကျွမ်းနေ၊ ကွဲနေတဲ့ဟာတွေအတွက်ပါ ဆောင် နေရတာရှိတယ်။ အရင်တုန်းကတော့ နှစ်ဖက်လုံးမှာ မီတာလေလွင့်တာတွေရှိမယ်။ သူ့ဘက် ကိုယ့်ဘက် အတိအကျမထွက်ဘူးပေါ့ ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်းက ရှင်းပြသည်။

 

မီတာဘောက်နှင့် Auto Timre Switch များတပ်ဆင်မှုကို မကွေးမြိုကနယ်စည်ပင်နှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ဝန်ထမ်းများဖြင့် လုပ်ဆောင်နေပြီး လုပ်ငန်းပမာဏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေ ပြီဖြစ်ကြောင်း ၊ ယခင်က လမ်းမီးခွန်များကို လျှပ်စစ်ရုံးသို့ တစ်လလျှင် ၇၃ သိန်းခန့် အခွန်ဆောင်ခဲ့ရပြီး မီတာများ တပ်ဆင်ပြီးအခြေအနေအရ တစ်လပျမ်းမျှ ၅၅ သိန်းခန့် အခွန်ဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

 

8520

         

မြို့နေပြည်သူများထံမှ လမ်းမီးခွန်ကို လစဉ်သီးခြားကောက်ခံခြင်းမရှိဘဲ ၆ လတစ်ကြိမ် ကောက်ခံသည့် အိမ်ခွန်၊ ပစ္စည်းခွန် ခေါင်းစဉ်ဖြင့် လမ်းမီးခွန်၊ အမှိုက်နှင့်အညစ်အကြေးခွန်၊ အိမ်ခွန်များကို စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံနေကြောင်း သိရသည်။

 

 ဇေယျတု(မကွေး)