ဘုတလင် ၂၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး မဟာဗန္ဓုလအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်များ သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် ကျပ်သုံးသောင်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ လူမှုရေးပင်စင်များကို ဘိုးဘွားများလက်ဝယ်အရောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများက သွားရောက်ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၃)အုပ်စုမှ သက်ကြီးဘိုးဘွား(၇၁၅)ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။
အဆိုပါလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)