မင်းလှ ၂၂ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ငါးမျိုးစပ် ကာကွယ်ဆေး (စတုတ္တအကြိမ်) ထည့်သွင်းတိုက်ကျွေးမည့် အစီအစဉ်အား အသိပေးဆွေးနွေးပွဲကို ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၂၂ ရက်နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းတို့က ကာကွယ်ဆေးတိုက်ကျွေးခြင်းအစီအစဉ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများက ကျန်းမာရေးဌာနနှင့် အတူဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက မြန်မာနိုင်ငံတွင် ရိုတာဗိုင်းရပ်ကြောင့်ဖြစ်သည့် ရောဂါများ ဖြစ်ပွားမှုနှုန်း လျှော့ချနိုင်စေရန်နှင့် အသက်(၅)နှစ်အောက် ကလေးသေဆုံးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)/ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို ဖေဖော်ဝါရီလတွင် စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ကာကွယ်ဆေးတိုက်ကျွေးရာတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် (၂)လပြည့်မည့် ကလေးများအား စတင် တိုက်ကျွေးမည်ဖြစ်ပြီး ကလေး(၂)လအရွယ်မှာ ပထမအကြိမ် ကလေး(၄)လအရွယ်တွင် ဒုတိယအကြိမ် နှစ်ကြိမ်တိုက်ကျွေးသွားမှာဖြစ်ပြီး ဆက်လက်၍ လစဉ်ပုံမှန်ကာကွယ် ဆေး/တိုက်အစီအစဉ်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ