မန္တလေး ၂၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် Food Safety Project နှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၈လမ်း၊ ငုရွှေဝါလမ်းနှင့် သရဖီလမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီး ဒေါက်တာစိုးသန်းက အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးနှင့် လွတ်တော်ကိုယ်စားလှယ်များသည် နံနက်၁၀နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့မှုဖြင့် ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အစားအစာ ဘေးကင်းလုံခြုံသော ဟင်းသီးဟင်ရွက်ဈေးကွက် ဖော်ဆောင်မှုဖွင့်ပွဲနှင့် ကျောက်ဆည်မြို့နယ် ရန်ပုံနှစ် ကျေးရွာရှိ အစားအစာ ဘေးကင်းလုံခြုံရေး ဟင်းသီးဟင်းရွက်နှင့် သီးနှံစိုက်ကွင်းဖွင့်ပွဲသို့ သွားရောက်ဖွင့်လှစ်ပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေးသည်။

စားသုံးသူများအတွက် ဓာတုအန္တရာယ်ကင်းစင်သော ဟင်းသီးဟင်ရွက်နှင့် အသီးအနှံများကို ရောင်းချမည့် ဈေးကွက်တစ်ခု ပေါ်ထွန်းလာစေရန်နှင့် အနာဂတ်တွင် GAP,GMP,GHP တို့နှင့် ညီညွတ်သော စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်ပေါ်ထွန်းရေး ပညာပေးရေးလုပ်ငန်းများ အပါအဝင် စံပြစိုက်ကွင်း Food Safety Model Farms ပေါ်ထွန်းလာစေရန် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင်မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တွင် ပဲတောင့်ရှည်၊ ဘိုစားပဲ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးနှံများ၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် ခရမ်းချဉ်၊ ငရုတ်၊ ကန်စွန်း၊ ကိုက်လန်သီးနှံ၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ငရုတ်သီးနှံများ စိုက်ပျိုးလျက်ရှိသည်။
သီဟကိုကို(မန္တလေး)