ရန်ကုန် ၂၃ ဇန်နဝါရီ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) မှ တိုင်းဒေသကြီးအချို့နှင့်ပြည်နယ် အချို့တွင် ခေတ်မီအိတ်ချိန်း စက်များလဲလှယ်ပြီး ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပတ်များ ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)မှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)အနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် ပိုမိုကောင်းမွန်သော အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများ ပေးနိုင်ရန် လက်ရှိအသုံးပြုနေသော တယ်လီဖုန်း နံပါတ်များအား ဂဏန်း(၇)လုံးပါသည့် တယ်လီဖုန်း နံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင် ပေးသွားမည်ဖြစ်သည်။
ကြေညာချက်တွင် ပါရှိသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အိတ်ချိန်းများအား ခေတ်မီအိတ်ချိန်း စက်များဖြင့် ပြောင်းလဲတပ်ဆင်ပေးထားပြီး ကေဘယ်ကွန်ရက်စနစ်တွင်လည်း လက်ရှိအသုံးပြုနေသည့် ကြေးနန်းကြိုး(Copper Cable) စနစ်မှမြန်နှုန်းမြင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြု စနစ်သုံး တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်ထားပြီး အော်တို တယ်လီဖုန်း နံပါတ်များကိုလည်း ပြောင်းလဲထားကြောင်း သိရသည်။
တယ်လီဖုန်းနံပါတ်အဟောင်းမှ တယ်လီဖုန်းနံပါတ်အသစ်သို့ ပြောင်းလဲစဉ် ကာလအတွင်း မိမိတို့၏ ဝန်ဆောင်မှုအား အသုံးပြုနေကြသူများနေဖြင့် ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုအား ပြောင်းလဲတပ်ဆင်သည့်နေ့မှ(၃)လအထိ အခမဲ့ပေးထားမည်ဖြစ်ကြောင်း ပြောင်းလဲ တပ်ဆင်သည့် ကာလအတွင်း လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
မောင်ယဉ်ဦး(ဒလ)