ရမည်းသင်း ၂၃ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းနှင့် RC Box culvert ရှစ်စင်း တည်ဆောက်မည်ဖြစ်ကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
ကုန်ထုတ်လမ်းများရွေးချယ်ရာတွင် လမ်းအကျယ်မှာအနည်းဆုံး ၁၈ ပေ ရှိရမည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ လွှတ်တော်ကိုယ်စားလှယ်များက တင်ပြသောကုန်ထုတ်လမ်းများကို မြို့နယ်ကျေးလက်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ ကုန်ကျစရိတ်နှင့်အမှန်တကယ် အကျိုးရှိမှုတို့ကို တွက်ချက်ပြီး ဦးစားပေးသတ်မှတ်ကာ ဆောင်ရွက်မည်ဖြစ်ပြီး တင်ဒါစနစ်ဖြင့် အောင်မြင်သည့် ဇွဲဝသန်နှင့်ထူးအံ့ ကုမ္ပဏီများက ဆောင်ရွက်မည်ဖြစ်ပြီး ဌာနမှတာဝန်ရှိသူများက လုပ်ငန်းများကိုကြီးကြပ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းနှင့်တံတားများကို ရမည်းသင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် ကုန်ထုတ်လမ်းတစ်လမ်းနှင့် RC Box culvert နှစ်စင်း၊ ပျော်ဘွယ်မြို့နယ်တွင် ဖွဲသင်းကျေးရွာနှင့် အောင်းကုန်းကျေးရွာတွင် ကုန်ထုတ်လမ်း နှစ်လမ်း နှင့် RC Box culvert ခြောက်စင်း တို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၉၁ သန်းဖြင့် အကုန်ကျခံတည်ဆောက်သွားမည်ဖြစ်ကြောင်း ရမည်းသင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းထံမှ သိရသည်။

အဆိုပါ "ခရိုင်အတွင်းရှိ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနေတာဆိုရင်း ကျေးရွာမှာရှိတဲ့ တောင်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ။ ယခုဖောက်လုပ်နေတဲ့ ကုန်ထုတ်းလမ်းတွေဆောင်ရွက်ပြီးစီးပါက ကျေးရွာ သုံးရွာရှိ ကျေးလက်နေပြည်သူ လူဦးရေ ၃၁၀၅ ဦးတို့၏ လယ်ဧက (၂၀ဝ၀) ကျော်ရဲ့ ကုန်ထုတ်သီးနှံတွေကိုရာသီမရွေးသယ်ပို့နိုင်ပြီး အချိန်ကုန် ငွေကြေးသက်သာစွာနဲ့ ဈေးကွက်အတွင်း လျင်မြန်စွာရောင်းချနိုင်တော့မှာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။
ဖြိုးထက်အောင်(ပျော်ဘွယ်)