ပုသိမ် ၂၃ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စက်ယန္တရားနှင့် ယာဉ်(၂၇)စီးကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင် သာယာရေး ကော်မတီများသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွဲဝေချထားပေးမည့် စက်ယန္တရားနှင့် ယာဉ်စာရင်းကို ကြေညာခဲ့သည်။

 

5

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဖုန်းလွင်ထံသို့ စက်ယန္တရားနှင့် ယာဉ်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က မြို့နယ်စည်ပင် သာယာရေး ကော်မတီများထံ စက်ယန္တရားနှင့် ယာဉ်များကို လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီများကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ထွန်းနေဝင်းသစ္စာကုမ္ပဏီနှင့် ခေတ်သစ်ကြယ်တံခွန်ကုမ္ပဏီတို့က ကုမ္ပဏီအမှတ်တံဆိပ်များပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာဉ်နှင့် စက်ယန္တရားများ၏ စက်စွမ်းရည်နှင့် မောင်းနှင်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

 

52

 

တိုးဝေဇင်(တိုင်းဒေသကြီး ပြန်/ဆက်)