မန္တလေး ၂၃ ဇန်နဝါရီ
နန်းတော်ရှေ့နယ်လုံးဆိုင်ရာစာကြည့်သင်း ရာပြည့်အထိမ်းအမှတ် ဆွမ်းကပ်အလှူနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ အကွက်(၃)၊ ၁၉ လမ်းနှင့်လမ်း၂၀ ကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ အာယုလမ်းသွယ်ရှိ အဆိုပါ စာကြည့်သင်းနေရာတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင် ပင့်သံဃာ(၅)ပါးတို့အား ရာပြည့်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းနှင့်ကော်မတီဝင်များက အရုဏ်ဆွမ်းကပ်၍ လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။
ထို့နောက် ကန်တော့ခံဆရာကြီးများဖြစ်ကြသည့် ဆရာသစ်လွင်(လူထု)၊ ဆရာရွှေရိုး(မန္တလေး)၊ ဆရာမောင်မျိုးမြတ်၊ ဆရာမောင်ဘနောက်၊ ဆရာသန်းဌေး၊ ဆရာမောင်သာပို၊ ဆရာအောင်သန်း၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ဆရာမြို့မ ဦးပေါ၊ ဦးကျော်သိန်း(စာကြည့်တိုက်နာယက)နှင့် ဦးရွှေနန်းတင်တို့အား ရာပြည့်ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ပစ္စည်းများနှင့် အလှူငွေများပေးအပ် လှူဒါန်းကြရာ ကန်တော့ခံဆရာကြီးများ ကိုယ်စားဆရာကိုလေး(အင်းဝဂုဏ်ရည်)က မေတ္တာပို့ဆုတောင်းစကား ပြောကြားသည်။
အဆိုပါ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်အထိမ်းအမှတ်ပွဲကို နန်းတော်ရှေ့ အားကစားကွင်း၌ ဇန်နဝါရီ ၂၃ ရက်မှစတင်၍ ဇန်နဝါရီ ၂၇ ရက်ထိ (၅)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲကို ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်အတွင်း စာအုပ်ဈေးရောင်းပွဲတော်နှင့် စာကြည့်သင်း၏ သမိုင်းဆိုင်ရာပြခန်းလည်း ဖွင့်လှစ်ပြသထားမည်ကြောင်း သိရသည်။
ရာပြည့်ပွဲတော် ပထမရက်ညတွင် လဝန်းအိမ်တေးဂီတအဖွဲ့နှင့်တွဲဖက်လျက် မန္တလေးအငြိမ့်ခန်းဖြင့် ကပြဖျော်ဖြေပြီး စာပေဟောပြောပွဲများကို ဒုတိယညတွင်စာရေးဆရာနေဝင်းမြင့်နှင့် စာရေးဆရာမခင်ခင်ထူးတို့က လည်းကောင်း၊ တတိယညတွင် စာရေးဆရာချစ်ဦးညိုနှင့် စာရေးဆရာ ဦးဘုန်း(ဓာတု)က လည်းကောင်း၊ စတုတ္ထညတွင် စာရေးဆရာဆူးငှက်နှင့် စာရေးဆရာညိုထွန်းလူတို့က လည်းကောင်း ညစဉ် ညနေ ၆ နာရီမှစတင်၍ စာပေဟောပြောကြမည်ဖြစ်ပြီး၊ ပဉ္စမညတွင် မြို့မတေးဂီတ အဖွဲ့ဖြင့် တွဲဖက်လျက်အငြိမ့်ခန်းဖြင့် ကပြဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)