မြစ်သား ၂၃ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဉ်အား မြို့နယ်အဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း) သင်တန်းခန်းမတွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိသွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိန်ပိုက ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေး၊ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ရေး၊ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရေး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးသူနာပြုဆရာမများ၊ ရပ်မိရပ်ဖများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးပြောကြားသည်။
ရိုတာဗိုင်းရပ်(စ်)(ခေါ်)ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါသည် တစ်နှစ်အောက် ကလေးငယ်များတွင် အဖြစ်များသည်ကိုတွေ့ရှိရပြီး ရိုတာဗိုင်းရပ်(စ်)၏ လက္ခဏာများမှာ အဖျား(၃၉) ဒီဂရီရှိခြင်း၊ ၆ ရက် ဝမ်းပျက်ဝမ်းလျောဖြစ်ကာ တစ်နေ့ခြောက်ကြိမ်အနည်းဆုံး ဝမ်းသွား ခြင်း၊ ၃ ရက်အန်ပြီး တစ်နေ့အနည်းဆုံး ၃ ကြိမ်အန်ခြင်း၊ အစားအသောက်ပျက်ကာ ရေဓာတ်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး(၄)မျိုးထဲမှ ယခုထိုးနှံမည့်ဆေးမှာ Rotarix(G1P8) ဖြစ်ပြီး မြန်မာနိုင်ငံ၏(၁၂)မျိုးမြောက် ကာကွယ်ဆေးလည်းဖြစ်ကြောင်း ကျန်းမာရေးမှူးအဆင့်(၁)ဦးလှဟန်က ရိုတာဗိုင်းရပ်(စ်)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး (ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး)နှင့် ဆုံဆို့-မေးခိုင် ပါဝင်သော (၅)မျိုးစပ် ကာကွယ်ဆေး(စတုတ္ထ)အကြိမ်ကို ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်၍ ထည့်သွင်းတိုက်ကျွေးထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး တိုက်ကျွေးရာတွင်၂၀၁၈ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ နောက်ပိုင်းမွေးဖွား၍ ငါးမျိုးစပ် ကာကွယ်ဆေး(၃)ကြိမ်ရရှိထားပြီးသော ကလေးများကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်


