မိုင်းဖြတ် ၂၃  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လားဟူစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ စီစဉ်ကျင်းပသည့် (၂၈)ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်(ကြွက်နှစ်) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီက မြို့မအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ (၂၈) ကြိမ်မြောက် စုပေါင်းလားဟူရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ လားဟူစာပေနှင့်ယဉ် ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဇာနည်မွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လားကြသည့် လူကြီးမိဘများအား လားဟူရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သည့် ရေကြည်ဖြင့် “လက်ဆေးခြင်းမင်္ဂလာ”ကို ပြုလုပ်ပေးပြီးနောက် တိုင်းရင်းသားရိုးရာ လွယ်အိတ်များကို အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ချစ်စရာကောင်းသော လားဟူတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို စဉ်လာမပြတ်နှစ်စဉ် ဆင်နွဲနိုင်ပါစေလိုပါကြောင်း၊ မိမိတို့၏ ရိုးရာယဉ် ကျေးမှုဓလေ့များကို မြတ်နိုးတန်ဖိုးထား၍ထိန်းသိမ်း ၊ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံ နေထိုင်ပြီး ထက်မြတ်ထူးချွန်သည့် လူငယ်မောင်မယ်များ ပေါ်ထွန်းပါစေလိုပါကြောင်းနှင့် စပ်လျဉ်း၍ နှစ်သစ်နှုတ်ခွန်းဆက် အမှာစကားများပြောကြားပြီး လားဟူစာပေနှင့်ယဉ်ကျေးမှုကော်မတီထံ အလှူငွေ ကျပ်ငါးသိန်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် လားဟူ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူငါးဦးအား ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်က လားဟူတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ် ကူးပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာအကြောင်းများနှင့်အတူ နှစ်သစ်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး လားဟူတိုင်းရင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီထံ အလှူငွေကျပ်ငါးသိန်း နှင့်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူငါးဦးအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက နှစ်သစ်နှုတ်ခွန်း ဆက်အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ သုံးဦးအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် လားဟူတိုင်းရင်းသားများကိုယ်စား လားဟူစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦရှာမွေလှဂေါ်က ကျေးဇူးတင်စကားများနှင့် စုပေါင်းလားဟူနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရပ်ကွက်နှင့်ကျေးရွာများမှ လားဟူတိုင်းရင်း သားမောင်မယ်များက ရိုးရာအကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီးနောက် နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာကြသည့် အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးမှ ပွဲတော်သို့ လာရောက် ပါဝင်ဆင်နွှဲကြသည့် တိုင်းရင်းသားညီအကို မောင်နှမများအား လားဟူရိုးရာ အစားစာများဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေ(ပြန်/ဆက်)