ရန်ကုန် ၂၃ ဇန်နဝါရီ

 

မြေလတ်မောင်မြင့်သူ ရေးသားသည့် “ကြယ်အလင်းနဲ့ လှရအောင် ကလေးကဗျာများ စာအုပ် မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ကဗျာစာအုပ်သည် ၂၀၁၅ ခုနှစ် ထွန်းဖောင်ဒေးရှင်း စာပေဆုရ စာမူဖြစ်ပြီး အာဆီယံနိုင်ငံများမှ ကလေးများအတွက် ဗဟုသုတရစေမည့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် ကဗျာ ၇၅ ပုဒ် ပါဝင်သည်။

 

6

 

စာရေးသူ မြေလတ်မောင်မြင့်သူက “ကျွန်တော်မျှော်လင့်တာက ကလေးတွေ ဒီအရွယ်ကစပြီး ကျွန်တော်တို့မျှော်လင့်သလို လိမ္မာယဉ်ကျေးပြီး အနာဂတ်လှပစေချင်တာပါ။ ဒါ့ကြောင့် ဒီကလေးတွေကို ဒီအထဲက ကဗျာတွေလို ပျော်စေချင်တယ်။ ကောင်းတာလေးတွေကို အတုခိုးဖို့၊ အဖေအမေကို ချစ်တတ်ဖို့၊ တစ်ဖက်သားကို စာနာတတ်ဖို့၊ လူကြီးသူမကို လေးစားတတ်ဖို့၊ အနားမှာရှိနေတဲ့ ခွေးကလေး၊ ကြောင်ကလေးကအစ သနားစရာသတ္တဝါပါလားဆိုတဲ့ အသိလေးတွေရဖို့ ရည်ရွယ်တာပါ။ အဓိကက ကလေးရဲ့ အခြေခံစိတ်ဓာတ်နဲ့ နှလုံးသားကို အတင်းရိုက်သွင်းတာမျိုး မဟုတ်ဘဲနဲ့ ဒီကဗျာလေးတွေ ရွတ်ဆိုရင်း သူတို့ရဲ့စိတ်ထဲမှာ ယဉ်ကျေးလိမ္မာတာတွေက လက်ပွန်းတတီးဖြစ်ပြီး နှလုံးသားထဲစွဲသွားမှာပါ။ ဒါ့ကြောင့် ကလေးကဗျာတွေ၊ ကလေးစာပေ တွေကလိုအပ်ပါတယ် ဟု ပြောသည်။

 

ကြယ်အလင်းနဲ့ လှရအောင် စာအုပ်သည် ကလေးများ ကြီးပြင်းလာသည့်အခါ လမ်းပြရှေ့ဆောင် ကြယ်များကဲ့သို့ ကိုယ်ပိုင်အလင်းရောင်ဖြင့် ဘဝကိုထူထောင်နိုင်ရန် ရည်ရွယ်ရေးသားထားသည့် ကလေးကဗျာဖြစ်၍ စွယ်တော်ပုံနှိပ်တိုက်မှ ပုံနှိပ်ပြီး ယဉ်မျိုးစာပေတိုက်မှ ထုတ်ဝေဖြန့်ချိကာ စာအုပ်ဈေးနှုန်းမှာ ငွေကျပ် ၄၅၀ဝ ဖြစ်သည်။

 

စာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာ အယ်ဒီတာမောင်ယဉ်မှူး၊ ဆရာကြည်မင်း၊ ဆရာ အောင်ဇော်မင်းနှင့် မောင်ရင့်မာ(ကျောင်းကုန်း)တို့က မုဒိတာစကားများ ပြောကြားကြသည်။

 

သတင်း၊ ဓာတ်ပုံ - ဝင်းဝင်းမော်