ရန်ကုန် ၂၃ ဇန်နဝါရီ
YBS ယာဉ်ရပ်နားကွင်းများ တည်ဆောက်ရန်အတွက် တည်ဆောက်မည့်မြေနေရာ ၂၇ နေရာအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
အဆိုပါ YBS ယာဉ်ရပ်နားကွင်းများတည်ဆောက်မည့် မြေနေရာများသည် ဌာနဆိုင်ရာပိုင်မြေများ ဖြစ်သည့်အတွက် မည်သို့ ဆောင်ရွက်မည်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
"ယာဉ်ရပ်ကွင်းလုပ်ဖို့ နေရာပေါင်း ၂၇ နေရာ တင်ပြထားတယ်၊ တင်ပြတဲ့ မြေတိုင်းသည် ဌာနဆိုင်ရာပိုင် မြေတွေဖြစ်တဲ့အတွက် လွှဲပြောင်းပေးမှာလား ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဖြေကို ခုထိမရသေးဘူး၊ ဥပမာအားဖြင့် ကျွန်တော်တို့ လှိုင်သာယာဘက်မှာ ယာဉ်ရပ်ကွင်းတစ်ခု ဖော်တာရှိတယ်၊ အရင်တုန်းက ပိုင်ရှင်ဖြစ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလာပြီးတော့ ကျွန်တော်တို့ထဲမှာ တဲထိုးလို့ အစိုးရကို တင်ပြထားတယ်၊ အဲဒီနေရာမှာ ရပ်နေရတယ်"ဟု ဦးလှအောင်က ပြောသည်။
လက်ရှိ YRTA အနေဖြင့် တစ်ဉီးခြင်းပိုင် YBS ယာဉ်လိုင်းများကို ကုမ္ပဏီပိုင်ယာဉ်လိုင်းများအဖြစ် ဆောင်ရွက်လျက်ရှိပြီး ယင်းကုမ္ပဏီပိုင်ယာဉ်များကိုလည်း ယာဉ်ရပ်နားကွင်းများတွင် ထားရှိနိုင်ရေး ယာဉ်ရပ်နားကွင်းများ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ယာဉ်ရပ်နားကွင်းများ အကောင်အထည်ဖော်မည် ဆိုပါကလည်း မြေနေရာရရှိရေးအတွက် အခက်အခဲများရှိကြောင်း သိရသည်။
"ဝန်ကြီးချုပ် သုံးနှစ်ပြည့်မှာ ပြောသလို ကျွန်တော်တို့က ယာဉ်ရပ်ကွင်းတွေကို ဖော်မှဖြစ်မှာ၊ ဘာကြောင့်လည်းယာဉ်တွေကို ကုမ္ပဏီပိုင်လုပ်ပြီ၊ ဒီယာဉ်တွေက ဝင်းထဲမှာထားရမယ်၊ အဲတာမျိုးတွေက ကျွန်တော်တို့အတွက် အခက်အခဲတွေဖြစ်လာမယ်၊ ဒါကြောင့် ယာဉ်ရပ်ကွင်းများပေါ်ပေါက်ရေးကိုလည်း စီမံခန့်ခွဲမှုစရိတ်နဲ့ဖော်ဆောင်သွားရမှာ၊ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုစရိတ်တွေက ဒါတွေကို သုံးဖို့ ရည်ရွယ်ပြီး စီမံခန့်ခွဲမှုစရိတ်ဆိုပြီး ကျွန်တော်တို့က ကောက်ခံတာပါ"ဟု ဉီးလှအောင်က ပြောသည်။
ထို့ကြောင့် YRTA ၏ စီမံခန့်ခွဲမှုမှ ကောက်ခံရရှိသည့် ငွေဖြင့် ယာဉ်ရပ်ကွင်းများ တည်ဆောက်ရန်အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ YRTA အနေဖြင့် ကျပ်သန်း ၃၀ဝ ခန့်အကုန်ကျခံ၍ ယာဉ်စီးရေ ၂၀ဝ ကျော် ရပ်နားနိုင်မည့် ပထမဦးဆုံး ယာဉ်ရပ်နားဝင်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက်က ပုစွန်တောင်မြို့နယ်၊ ဗန္ဓုလတံတားနားရှိ မြေဧက ၁ ဒသမ ၇ ဧက ကျော်ပေါ်တွင် တည်ဆောက်ထားသည်။
အဆိုပါ ယာဉ်ရပ်နားဝင်းတွင် ရေဆေးရန် နေရာများ၊ အသေးစားပြုပြင်နိုင်သော နေရာများ၊ စီမံခန့်ခွဲရေး ရုံးခန်း အပါအဝင် သန့်စင်ခန်းများနှင့် မော်တော်ယာဉ်များ အဝင်အထွက် ပြုလုပ်နိုင်ရန် ဝင်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ ပြုလုပ်ပေးထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယာဉ်ရပ်နားဝင်းများတွင် ပြည်သူများ၏ မော်တော်ယာဉ်များပါ ထားလို့ရနိုင်သည့် ယာဉ်ရပ်နားဝင်းတွေကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားထားသည်။
လက်ရှိ YRTA မှ စီမံခန့်ခွဲမှုစရိတ်အဖြစ် YBS မော်တော်ယာဉ်တစ်စီးလျှင် တစ်ရက် ပြေးဆွဲခအတွက် ငွေကျပ်လေးထောင် ကောက်ခံလျက်ရှိပြီး တစ်ရက်လျှင် YBS အစီးရေ လေးထောင်ကျော် ပြေးဆွဲလျက်ရှိသည်။
ငြိမ်းငြိမ်း


