မကွေး ၂၃ ဇန်နဝါရီ

 

တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသော အညာနွေ၏ဒဏ်မှ သက်သာစေရန် လူဦးရေ ၅၀ဝ၀ ကျော် နားနေနိုင်မည့် “ဘိုးသက်ရှည်” အမည်ရှိ သဘာဝရိပ်သာစခန်းတစ်ခုကို မကွေးမြို့၊ တောင်တွင်းလမ်းရှိ ပညာပါရမီစာကြည့်တိုက်နှင့် DENKO ဆီဆိုင်တို့၏တောင်ဘက် တစ်မိုင်ခန့်အကွာ၊ ဆည်မြောင်းတည်ဆောက်ရေး (၈)ရုံး၏ အရှေ့ဘက် နှစ်ဖာလုံအကွာတွင် တည်ဆောက်နေကြောင်း ဦးစီးတည်ထောင်သူ ပညာပါရမီဆရာတော် အရှင်သဇ္ဇနထံမှ သိရသည်။

 

သဘာဝစခန်းလုပ်ငန်းစီမံချက်မှာ မြေအကျယ်ဧက (၅၀)ပေါ်တွင် ရွှံ့၊ ကောက်ရိုး၊ စပါးခွံများဖြင့် အသုံးပြုဆောက်လုပ်ထားသည့် မြေကြီးအိမ် နားနေဆောင်များ၊ အော်ဂင်းနစ်စိုက်ခင်းများ၊ အပင်မျိုးစုံစိုက်ပျိုးပြီး စာတွေ့လက်တွေ့ သင်ကြားပေးမည့် Alternative School သင်တန်းခန်းများ ပါဝင်မည်ဖြစ်ပြီး လတ်တလောတွင် နားနေဆောင်ပင်မအဆောက်အဦကို ဆောက်လုပ်လျက်ရှိသည်။

 

“ဒါပြီးရင် လူဦးရေငါးထောင်ကျော် နားနေနိုင်မယ်။ တစ်နှစ်ကို လူဦးရေ တစ်သောင်းကျော် သင်တန်းပေးနိုင်ပါမယ်။ ဒီလိုလုပ်ဖို့ တွေးမိတာကတော့ ကြာပါပြီ။ မနှစ်က မနေနိုင်လောက်အောင် ပူပြင်းလာလို့ အမြန်အကောင်အထည်ဖော် လိုက်တာပါ” ဟု ဆရာတော် အရှင်သဇ္ဇနက မိန့်ကြားသည်။

 

စီမံချက်တစ်ခုလုံးကို ကျပ်သိန်းပေါင်း သုံးသောင်းကျော် ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားပြီး မြေအကျယ် (၂)ဧကပေါ်တွင် လက်ရှိဆောက်လုပ်နေသော ပင်မအဆောက်အဦကို မြေကြီးအိမ် တည်ဆောက်မှုကျွမ်းကျင်သည့် ပညာရှင်များဖြင့် တည်ဆောက်လျက်ရှိကာ နွေကာလမတိုင်မီ ပြီးစီးပါက လူဦးရေ ၂၀ဝ ခန့် စတင်နားနေနိုင်တော့မည်ဖြစ်သည်။

 

“လူသားတွေကြောင့် ပျက်စီးသွားတဲ့သဘာဝတရားကြီးကို လူသားဖြစ်တဲ့ကိုယ်က နိုင်သလောက် သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာအောင်၊ လက်ရှိအနေအထားကို သုံးသပ်လိုက်ရင် ပြန်လည်ပြုပြင်ဖို့ အချိန်မီသေးတာကြောင့် အများပြည်သူများပါလာအောင် ရှေ့ကနေစပြီးပြုပြင်ပြရင်း သဘာဝကျကျ နေထိုင်နည်းတွေ၊ ဓာတုလွတ် စိုက်ပျိုးနည်းတွေကို မျှဝေသွားနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဆရာတော် အရှင်သဇ္ဇနက မိန့်သည်။

 

မြေသားအိမ်ဆောက်လုပ်နေထိုင်ခြင်းဖြင့် အခြားသော အဆောက်အဦဆောက်လုပ်မှုထက် ကုန်ကျမှု သုံးနှစ်ပုံသက်သာခြင်း၊ မီးဖုတ်အုတ်များ အသုံးမပြုခြင်းကြောင့် သစ်တောသစ်ပင်ပြုန်းတီးမှုနှင့် လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်း၊ ခေတ်မီအိမ်သုတ်ဆေးများ အသုံးမပြုသည့်အတွက် ခဲဆိပ်သင့်နိုင်သည့်အခြေအနမှ ကာကွယ်နိုင်ခြင်း အကျိုးများ ရရှိနိုင်သည်။

 

“ခုနစ်ရက်သားသမီးတွေရဲ့ အလှူငွေတွေနဲ့ ဆောက်လုပ်နေတာပါ။ သီးသန့်လိုက်ပြီး အလှူမခံပါဘူး။ လာလှူရင်သာ လက်ခံတာပါ” ဟု ဆရာတော်က မိန့်ကြားသည်။

 

ပညာပါရမီဆရာတော် အရှင်သဇ္ဇန ဦးဆောင်မှုဖြင့် ပညာပါရမီစာကြည့်တိုက် ဖွင့်လှစ်ခြင်း၊ ယဉ်ကျေးလိမ္မာနှင့် အတတ်ပညာ၊ အနုပညာသင်တန်းများ ဖွင့်လှစ်ခြင်း၊ ပရဟိတလုပ်ငန်းနှင့် အလှူဒါနပြုခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး လက်ရှိလုပ်ဆောင်နေသည့် မြေကြီးအိမ်တည်ဆောက်မှုတွင် ကုသိုလ်ယူလိုသူများက ရွှံ့နင်းခြင်းနှင့် ဝေယျာဝစ္စလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ပေးနေကြကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)