နေပြည်တော်  ၂၃  ဇန်နဝါရီ 

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းနှင့်အတူ ဇန်နဝါရီ ၂၂ ရက်တွင် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၏ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ရှင်းလင်း တင်ပြချက်အပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ရုံးဝင်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ရှိဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မာမိန်-မာမိန်ရှီးဒီ ကျေးရွာချင်းဆက်လမ်း (၂/၆) မိုင် ပြုပြင်ထိန်းသိမ်း မှုနှင့် မာမိန်ရှီးဒီ ဘေလီတံတားတို့အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိဒေသ၊ မိမိပြည်နယ်၊ မိမိနိုင်ငံတော်အကျိုး သယ်ပိုးနိုင်မည့် နောင်တစ်ခေတ်၏ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရေး ရည်မှန်းချက်ထားပြီး နိုင်ငံတော်ကထောက်ပံ့ ပြုစုပျိုးထောင်နေသောမောင်တို့ မယ်တို့ကိုစာပေ ပညာရပ် အပြင် စိတ်ဓါတ်၊ စည်းကမ်း၊ ပေါင်းသင်းဆက်ဆံရေး၊ စာပေဖတ်ရှုသည့်အလေ့အထ၊ အချိန်ကိုတန်ဖိုးထားစနစ်တကျ ခွဲဝေတတ်ခြင်း၊ ငွေကြေးခြိုးခြံချွေတာစုဆောင်းခြင်း၊ စိုက်ပျိုးရေးမွေးမြူရေးလက်တွေ့ ဆောင်ရွက်ရမှုတို့ကို လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ် သဖြင့် မောင်တို့မယ်တို့အနေဖြင့် ဤအခွင့်အရေးကို အလေးထားတန်ဖိုးထားပြီး ဇွဲလုံ့လဝီရိယ အပြည့်ဖြင့် ကြိုးစားအားထုတ်သွားကြရန်မှာကြားသည်။

ယင်းနောက် နေ့လယ်စာအား ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စားသုံးခဲ့ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)