၂၃ ဇန်နဝါရီ
၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ပထမနေ့ကို ယနေ့ညနေပိုင်းက စတင် ကျင်းပရာ Chinland အသင်းနှင့် မြဝတီအသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
စလင်းကွင်း၌ ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက ကချင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ပဒုမ္မာ ကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းက မောရဝတီအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။ MNL မှ တန်းပြန်ဆင်းလာရသည့် Chin land အသင်းသည် အဖွင့်ပွဲတွင် အနိုင်ရသော်လည်း မောရဝတီအသင်း၏ ရုန်းကန်မှုကြောင့် အားကုန်ထုတ်ကစားခဲ့ရသည်။
မောရဝတီအသင်းသည် ဦးဆောင်ဂိုးများ နှစ်ကြိမ်တိုင်ရသော်လည်း အနိုင်ရလဒ်ကို မထိန်းထား နိုင် သောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ Chinland အသင်းအတွက် ဂိုးများကို ၂၈ မိနစ်တွင် ဒေးဗစ်ရွယ်ဖယ်လာ၊ ၆၉ မိနစ်တွင် ဘာဘာကျူဒီနှင့် ၇၃ မိနစ်တွင် မန်ထိပ်ပေါင်တို့က သွင်းယူခဲ့သည်။ မောရဝတီအသင်းအတွက် ဂိုးများကို ကျော်ဇေယျတစ်ဦးတည်းက ၂၇၊ ၅၁ မိနစ်တွင် သွင်းယူခဲ့သည်။
၂၀၁၉ ရာသီတွင် တတိယရခဲ့သည့် မြဝတီအသင်းသည် အဖွင့်ပွဲတွင် အမှတ်ပြည့် ရယူနိုင်ခဲ့ပြီး နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးများကို ၁၁ မိနစ်တွင် ကောင်းစည်သူနှင့် ၇၁ မိနစ်တွင် သန့်ဇင်အောင်တို့က သွင်းယူခဲ့သည်။
ပွဲစဉ် (၁) ဒုတိယနေ့ကို ဇန်နဝါရီ ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး စလင်းကွင်း၌ ငွေကြယ်ပွင့်အသင်းနှင့် Junior Lions အသင်း၊ ပဒုမ္မာကွင်း၌ တက္ကသိုလ်အသင်းနှင့် ယောမြေအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်ရှိုင်း