နေပြည်တော် ၂၄ ဇန်နဝါရီ
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လာရောက်လည်ပတ်ရန်အတွက် ဇန်နဝါရီ ၁၅ ရက်နေ့ တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရောက်ရှိလာသော အီတလီနိုင်ငံ၊ Veneto ဒေသမှ အဖွဲ့ဝင် (၄) ဉီး ပါဝင်သည့် စက်ဘီးစီးအဖွဲ့သည် ၄င်းတို့၏ခရီးစဉ်အတိုင်း ဇန်နဝါရီ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိရာ အဆိုပါအဖွဲ့ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ (တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ သွားရောက် ကြိုဆိုနှုတ်ဆက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စက်ဘီးစီးအဖွဲ့သည် ရှမ်းပြည်နယ်မှ Cyclist Nyaung Shwe စက်ဘီးစီး ဝါသနာရှင်များနှင့်အတူ ညောင်ရွှေမြို့နယ်သို့ တောင်လေးလုံး-ခေါင်တိုင်လမ်းခွဲမှ စက်ဘီးစီးနင်း ဝင်ရောက်ပြီး ခေါင်တိုင်သဘာဝရေပူစမ်းတွင် ခေတ္တရပ်နားအပန်းဖြေခဲ့ကြကာ ထိုမှတစ်ဆင့် ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်း (ယဉ်ကျေးမှုပြတိုက်)၊ မိုင်းသောက်တံတားနှင့် Red Mountain ဝိုင်ခြံများသို့ မော်တော်ယာဉ်ဖြင့် သွားရောက်လေ့လာလည်ပတ်ခဲ့ကြသည်။

စက်ဘီးစီးအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ်ရှိ ခရီးစဉ်ဒေသများဖြစ်သော ညောင်ရွှေ၊ အင်းလေး၊ အောင်ပန်း၊ ပင်းတယ၊ ကလောမြို့များသို့ သွားရောက်ကာ စက်ဘီးစီးနင်း လည်ပတ်ကြမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

MDN
