ရေကြည် ၂၄ ဇန်နဝါရီ
ကလေးများ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် အပြောအဆိုနှင့် နှုတ်မှုရေးရာစွမ်းရည်များ မြင့်မားလာစေရန်၊ စာအုပ်စာပေတွင်မွေ့လျော်ပြီး ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်ကူညီတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတ ကိုယ်ရည် ကိုယ်သွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန်နှင့် ကာယ၊ညဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော် (ရေကြည်) ပထမနေ့ကိုအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်၉ နာရီက စတင်ကျင်းပရာ ရေကြည်မြို့နယ်အတွင်းရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဒေသခံပြည်သူများ၊ လာရောက်လေ့လာသူများ ပါဝင်ဆင်နွဲသူများနှင့် စည်ကားများပြားလျက်ရှိသည်။
ကလေးစာပေပွဲတော် ပထမနေ့တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ မီးသတ်ပြခန်း၊ ရဲတပ်ဖွဲ့ပြခန်း၊ ကလေးစာဖတ်ခန်းတို့တွင် ပွဲတော်လာရောက်ကြသော ကလေးငယ်များက ပျော်ရွှင်စွာပါဝင်ဆင်နွှဲပြီး စာအုပ်အရောင်းဆိုင်များတွင်လည်း ဝယ်ယူအားပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)
