မုံရွာ  ၂၅  ဇန်နဝါရီ 

ဆီစက်လုပ်ငန်းလုပ်ကိုင်သူများပြားလျက်ရှိသော်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ အစားအသောက်ဘေးကင်းလုံခြုံရေးထောက်ခံချက်ကို ရယူလုပ်ကိုင်သူနည်းပါးနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းလင်းအောင်ထံမှ သိရသည်။

“ပြည်သူလူထုတွေက အရည်အသွေးထောက်ခံချက်မရှိတဲ့ဆီတွေကို စားနေရတယ်၊ အဲဒိဆီတွေက အမှတ်တံဆိပ်ရှိချင်လည်းရှိမယ်၊ မရှိတာလည်းများနိုင်တယ်၊  ဆီအလွတ်တွေမှာ စားအုန်းဆီ ဘယ်လောက်ရောနှောထားမှန်းမသိရဘူး၊ အခုဆိုပိုပြီးကြောက်ဖို့ကောင်းလာတာက ဈေးအရမ်း ပေါတဲ့ပြန်ကြော်ဆီတွေလို အရောအနှော ဆီတွေကိုစားနေကြရတယ်၊ ပဲဆီသန့်ဆိုပြီး ရောင်းနေကြ သော်ငြားလည်း တကယ်ပဲဆီသန့်ကိုမစားကြရဘူ၊ (၁၀ဝ)ရာခိုင်နှုန်း ပဲဆီသန့်အမှတ်တံဆိပ် ကပ်မယ်ဆိုရင် (FDA) က စစ်လိုက်ရင် သတ်မှတ်တဲ့ရာခိုင်နှုန်းအတိုင်း ဝင်ကိုဝင်ရမယ်၊ စစ်လိုက်လို့သတ်မှတ်ရာခိုင်နှုန်းမရှိရင် အသိအမှတ်ပြုလက်မှတ်မထုတ်ပေးဘူး၊ ပဲဆီသန့်လို့ သတ်မှတ်ထုတ်ပိုးထားတဲ့ဆီကို ဓာတ်ခွဲစမ်းသပ်တာနဲ့ စားအုံးဆီဘယ်လောက်ရောနှောထားလား မထားလားဆိုတာ အဖြေကသိတယ်၊ အဲဒိအချက်တွေကိုလည်း ကြောက်တာနေမှာပေါ့၊ တစ်ချိန်ချိန်မှာတော့ စားသောက်ကုန်မှန်သမျှက(FDA)ရဲ့ ထောက်ခံချက်ကိုယူကိုယူရမယ်ဆိုတဲ့ ဥပဒေခိုင်ခိုင်မာမာရှိလာမယ် ဆိုရင်တော့ ဒီပြဿနာကပြီး သွားမယ်လို့ထင်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပဲ၊ နှမ်း၊ပန်းနှမ်းများကို အများဆုံးစိုက်ပျိုးထုတ်လုပ်ကာ ဆီစက် လုပ်ငန်းများကို မြို့နယ်တိုင်းတွင် လုပ်ကိုင်လျက်ရှိသော်လည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန(FDA)မှ အစားအသောက် ဘေးကင်းလုံခြုံရေး ထောက်ခံချက်ရယူလုပ်ကိုင်သူ လုပ်ငန်းရှင် (၄)ဦးသာ ရှိသေးကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)