၂၅ ဇန်နဝါရီ

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ လှည်းဆိပ်ကျေးရွာအုပ်စု၊ စစ်ကုန်းချောင်းသစ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က နိုင်ငံတော်အစိုးရနှင့် သီးခြားအလှူရှင်များ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးမြို့နယ်သံဃနာယက၊ ကြခတ်တောရပညာဒါန ဆရာတော်ဘဒ္ဒန္တ ဓမ္မသာမိ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းနှင့် အလှူရှင်ဒေါက်တာ ဝင်းကိုကို(ခ)ဦးမြဖူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

a

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်းကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ဝမ်းမြောက်စကားပြောကြားကာ ကျောင်းဆောင်သစ်အလှူရှင် ဒေါက်တာဝင်းကိုကို(ခ)ဦးမြဖူးမှ ကျောင်းဆောင်သစ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ စစ်ကုန်းချောင်းသစ်ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၂၃၉)ဦးအတွက် ကျောင်းဝတ်စုံ(၂၃၉)စုံအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ပြီး  တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးထံ အသစ်ဆောက်လုပ်လှူဒါန်းထားသည့် ရွှေဖူးရတနာပညာပါရမီ ကျောင်းဆောင်၊ မြတ်စေတနာ ကျောင်းဆောင်၊ ပိတောက်ကျောင်းဆောင်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား အလှူရှင်များက လွှဲပြောင်းပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က စစ်ကုန်းချောင်းသစ်ကျေးရွာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသည့် ထူးချွန်ကျောင်းသား/သူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ကျောင်းဆောင်သစ်များ ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ရာတွင် ပဲခူးမြို့နယ်သံဃနာယက၊ ကြခတ်တောရပညာဒါနဆရာတော်မှ ငွေကျပ်(၄၅)သိန်းအကုန်ကျခံ အကြီးစားမွမ်းမံပြင်ဆင် လှူဒါန်းသည့် (၈၀' x ၂၄') ပေရှိ မူလတန်းကျောင်းဆောင်၊ ဘီးလင်းမြို့နေ ဒေါက်တာဝင်းကိုကို(ခ) ဦးမြဖူး + ဒေါက်တာလဲ့လဲ့ဝင်း မိသားစုမှ ငွေကျပ်သိန်း(၃၇၀)ဖြင့်ဆောက်လုပ်လှူဒါန်းသည့် (၆၀'x၃၀')ပေရှိ ရွှေဖူးရတနာပညာပါရမိကျောင်းဆောင်၊ စစ်ကုန်းချောင်းသစ် ကျေးရွာသူ/ကျေးရွာသားများ စုပေါင်း၍ ငွေကျပ်သိန်း(၅၀ဝ)ကျော်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် (၈၂'x၂၄') ပေရှိ မြရတနာကျောင်းဆောင်နှင့် အလျား(၃၀'×၂၆')ရှိ ပိတောက်ကျောင်းဆောင်၊ နိုင်ငံတော်အစိုးရ၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ်သိန်း(၃၂၀)ဖြင့် (၇၀'×၃၀')ရှိ ကျောင်းဆောင်တို့အား အစိုးရနှင့် စေတနာရှင် အလှူရှင်များမှ အကြီးစားပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်လှူ ဒါန်းခြင်းများပြုလုပ်ပြီး ပညာရေးဌာနသို့လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

တင်စိုး(ပဲခူး)