ပွင့်ဖြူ   ၂၅  ဇန်နဝါရီ       

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးသည် ခရိုင်နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း မိုးရာသီကာလ တောင်သူများ သီးနှံစိုက်ပျိုးလယ်မြေများ ရေနစ်မြုပ်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရေဆိုးထုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှု အခြေအနေအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးသည် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဘိုဘို၊ မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပွင့်ဖြူမြို့နယ်အတွင်း မိုးရာသီကာလ တောင်သူများ၏ သီးနှံစိုက်ပျိုးမြေများ ရေနစ်မြုပ်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့တွင် ရေဆိုးထုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုများနှင့် စိုက်ပျိုးရေ အဆင်ပြေစွာ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရေး ရေမြောင်းများ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ 

၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့်အဖွဲ့က ဆောင်ရွက်နေသည့် လုပ်ငန်းများအလိုက် မြို့နယ်အတွင်း တောင်သူများ ရာသီအလိုက် အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ 

ယခုနှစ်တွင် ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများအဆင်ပြေစွာ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် ရေပေးဝေရေးမြောင်းများ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းအပြင် မိုးရာသီကာလ သီးနှံစိုက်ပျိုးမြေများ ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့တွင် ရေဆိုးထုတ်မြောင်းများ တူးဖော်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရကာ ရေဆိုးထုတ်မြောင်းများ တူးဖော်ပြီးစီးပါက နှစ်စဉ် ရေနစ်မြုပ်မှုကြုံတွေ့နေရသည့် ကျေးရွာပေါင်း(၉)ရွာမှ သီးနှံစိုက်ပျိုးလယ်မြေဧက ၁၁၇၀ ဧကကို ရေနစ်မြုပ်မှုဘေးမှ ကင်းဝေးစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်းထံမှ သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဉီး)