နေပြည်တော် ၂၅ ဇန်နဝါရီ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးဌာနရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မုံရွာမြို့၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးဌာနရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါအဆောက်အအုံရှေ့တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ ဖြစ်ကြသော ဦးကမ်ဇာမုံ၊ ဦးမြင့်ကြည်၊ ဦးလာလ်ထောင်ထန်း၊ နန်းမွှေးမွှေးခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဦးစီးဌာနရုံး ဆိုင်းဘုတ်အား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဦးစီးဌာနရုံး အဆောက်အအုံနှင့် ခင်းကျင်းပြသထားသော တိုင်းရင်းသားရိုးရာပြခန်းများ၊ တိုင်းရင်းသားဒေသအတွင်း ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းနှင့် ဓါတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် နာဂ၊ ကတူး၊ ကနန်းတိုင်းရင်းသားများ အပါအဝင် ချင်း၊ ရှမ်း၊ ဗမာသွေးချင်းများ စုပေါင်းနေထိုင်ကြသော ထူးခြားသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဦးစီးဌာနရုံး အဆောက်အအုံသစ် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုသည် တောင်ပေါ်မြေပြန့်ဖြန့် ကြက်နေထိုင်ကြသော သွေးချင်းတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်အချိုးကျနေပါကြောင်း၊ ဒေသခံတိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ရေး၊ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရာ၌ တိုင်းရင်းသား ဘာသာစကား စာပေများ သင်ကြားတတ်မြောက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း နေ့စား လပေး တိုင်းရင်းသားစာပေ သင်ကြားရေးအထောက်အကူပြု Teaching Assistant ၅၁၈ ဦးနှင့် တိုင်းရင်းသားဘာသာ သင်ကြားပေးသည့် Language Teachers ၄၁ ဦး ခန့်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသောဒေသများတွင် ဆက်လက်ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံတိုင်းရင်းသားများက တိုင်းရင်းသားရေးရာကိစ္စရပ်များကို ယခုဖွင့်လှစ်သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးဌာနရုံးရှိ တာဝန်ခံအရာရှိ အပါအဝင် ဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးဌာနရုံး အဆောက်အအုံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ ဆုံစည်းရာနေရာ Ethnic Communicat-ion Center အဖြစ် အသုံးပြုကြပါရန် ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှုများ၊ Teaching Assistant၊ Language Teachers ခန့်ထားခဲ့မှု၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးမှု၊ စစ်တမ်းကောက်ယူမှုများ၊ လေရှီး၊ ပင်လည်ဘူး၊ ဗန်းမောက်၊ တမူး၊ ကလေးမြို့နယ် ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သော မိန့်ခွန်းပါ အချက်အလက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်က ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရုံးအဆောက်အအုံ ဆောက်လုပ်ခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ကြသည်။
ယခု တည်ဆောက်ပြီးစီးသော အဆောက်အအုံသည်ပေ (၆၀ x ၈၀) သံကူကွန်ကရစ် နှစ်ထပ်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ တည်ဆောက်ခဲ့ကာ ဝန်ကြီးဌာန၏ ဆဋ္ဌမမြောက် ရုံးအဆောက်အအုံအသစ်ဖြစ်၍ အဆိုပါအဆောက်အအုံများတွင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အပါအဝင်တိုင်းရင်းသားများ၏ ဆုံစည်းရာနေရာ Ethnic Communication Center အဖြစ် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်