ရန်ကုန် ၂၅ ဇန်နဝါရီ
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ပဉ္စမအကြိမ် အသင်းဝင်များ စုံညီတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများက ပွဲတိုင်းကျော် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားလောက အခြေအနေအရပ်ရပ် တိုးတက်အောင်မြင်မှုရရှိရန် မည်သို့လုပ်ဆောင်သင့်သည်ကို အကြံပြုစာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ ပြောကြားစေလိုပြီး မိမိတို့ဘက်က ဆရာများ၏ အကြံဉာဏ်များကို သေသေချာချာ လေးလေးစားစားဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း။
မကြာမီရက်ပိုင်းအတွင်း အားကစားသိပ္ပံကျောင်း (၆)ကျောင်း၏ လုပ်ဆောင်ချက်များကို အသေးစိတ်လေ့လာသုံးသပ်၍ စွမ်းဆောင်မှု မြှင့်တင်လုပ်ဆောင်ရန် လျာထားပါကြောင်း၊ ယခုအခါ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (EIM) ကို တစ်ပြည်လုံးအတိုင်းအတာအရ လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ မြို့နယ်အားကစားကွင်းများ အထူးသဖြင့် အကျဉ်းစခန်းများတွင် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် အကျဉ်းသားများအနေဖြင့် အားကစားပြုလုပ်လျှင် ပျော်ရွှင်မှုနှင့် စိတ်ဓါတ်ခံယူချက် ပြောင်းလဲသွားပြီး နိုင်ငံတော်အတွက် အလွန်အကျိုးရှိသည့် ကိစ္စတစ်ရပ်ဖြစ်လာနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာအားကစား လက်ရွေးစင်ဟောင်းများအသင်းကို ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် 27th SEA Games ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်ဟောင်းများက စုစည်းတိုင်ပင်၍ မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ မြန်မာ့အားကစားတိုးတက် အောင်မြင်စေရေး၊ မြန်မာ့လက်ရွေးစင်ဟောင်းများ ချစ်ခင်ညီညွတ်စွာစုစည်း၍ အချင်းချင်းလူမှုရေးလိုအပ်ချက်များ ကူညီစောင့်ရှောက်ရေးနှင့် နိုင်ငံတော်၏ အားကစားဆိုင်ရာ အရေးကိစ္စများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေး စသည့် အချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း အတွင်းရေးမှူး ဦးစိုးသိန်းက အသင်း၏ (၅)နှစ်တာ ဆောင်ရွက်မှုများကို အစီရင်ခံတင်ပြ၍ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၏ ဂုဏ်ထူးဆောင်အသင်းဝင် မြန်မာ့လက်ရွေးစင် အလေးမအားကစားသမားဟောင်း ဦးစိုးဝင်းက ဆုံးမသြဝါဒစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းသို့ အလှူငွေများလှူဒါန်းကြရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံအား ကစားအဖွဲ့ချုပ်အသီးသီးနှင့် အလှူရှင်များက အလှူငွေကျပ် စုစုပေါင်း သိန်း(၁၀ဝ)ကျော်ခန့်လှူဒါန်းရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အသင်းဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်နှင့် အမှုဆောင်တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မြန်မာ့အားကစားသမား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေး၊ မဂ္ဂဇင်းထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသော ကြော်ငြာရှင်များ၊ ကာတွန်း၊ ဝတ္တုတိုဆောင်းပါး စာမူရှင်များအား မှတ်တမ်းလွှာနှင့်တကွ အမှတ်တရ လက်ဆောင်များပေးအပ်ပြီး အမျိုးသားစာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ နှစ်ပတ်လည်မဂ္ဂဇင်းများအား တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူးထံသို့ ပေးအပ်လှူဒါန်းသည်။
ထို့နောက် မြန်မာ့အားကစားသမား လက်ရွေးစင်ဟောင်းများအသင်း အမှုဆောင် ပြေးခုန်ပစ် လက်ရွေးစင်ဟောင်း ဦးသန့်ဇင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် လက်ရွေးစင်ဟောင်းများအား စုံညီတွေ့ဆုံပွဲအထိမ်းအမှတ် ကံစမ်းမဲဖောက်ပေးပြီး နေ့လယ်စာနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်