နေပြည်တော် ၂၅ ဇန်နဝါရီ

 

အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၏ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မှု အခြေအနေကို ဆန်းစစ်နိုင်ရန် ဌာနအတွင်း လက်တွေ့သဏ္ဌာန်တူ လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၌ ၃ ရက်ကြာ ကျင်းပရာ ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဏ္ဌာန်တူလေ့ကျင့်ခန်းနှင့် သက်ဆိုင်သည့်အခန်းကဏ္ဍ အလိုက်ပါဝင် ဆောင်ရွက်ခဲ့ကြသည်။

 

သဏ္ဌာန်တူလေ့ကျင့်ခန်း ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဘေးအန္တရာယ်ဖြစ်ပွားခဲ့သော ဒေသအလိုက်ပျက်စီးဆုံးရှုံးမှု စာရင်းများကို ဆောလျင်စွာသိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသည် ပြည်ထောင်စုအဆင့်တွင် စီမံခန့်ခွဲမှုများ လုပ်ဆောင်နေခြင်းဖြစ်ရာ မြေပြင်တွင် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ၊ ထောက်ပံ့ပို့ဆောင်ရေး၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင် လူ့အသက်ကယ်ဆယ်ရေးသည် အရေးအကြီးဆုံး လုပ်ငန်းဖြစ်သည့်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

 

သတ်မှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားသာချက်/ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ SOP ကို ပြင်ဆင်ဖြည့်စွက်သွားရမည် ဖြစ်ပါကြောင်း၊ ဘေးဖြစ်ပွားချိန်တွင် ပြည်သူများအနေဖြင့် သတင်းမှန်ကိုသိရှိနိုင်ရေးအတွက် သတင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်းမှာပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဘေးသင့်ပြည်သူများအတွက် အလျင်အမြန် ပြန်လည်ထူထောင်နိုင်ရန် အထောက်အပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ကျရောက်ချိန်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုပါ သဏ္ဌာန်တူလေ့ကျင့်ဆောင်ရွက်ခဲ့သည်။

 

ထို့သို့ သဏ္ဌာန်တူလေ့ကျင့်ရာတွင် မုန်တိုင်းဘေး၊ ငလျင်ဘေးဖြစ်ပွားမှု (Scenarios)များ ပြုလုပ်ပြီး EOC၏ SOP တွင်ပါရှိသော လုပ်ငန်းစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး ပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်သည့် အခြေအနေ၊ ဆေးရုံ/ဆေးခန်းများ ပျက်စီးသည့် အခြေအနေ၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သည့် အခြေအနေ၊ နိုင်ငံတကာ အကူအညီလိုအပ်သည့် အခြေအနေ စသည်တို့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုပါ ထည့်သွင်းလေ့ကျင့်ခဲ့ကြသည်။

 

အဆိုပါ သဏ္ဌာန်တူလေ့ကျင့်မှုအစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ အရာထမ်း/အမှုထမ်း စုစုပေါင်း(၃၀) ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်