ရန်ကုန် ၂၅ ဇန်နဝါရီ

 

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာနနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် Swiss Agency for Development and Cooperation (SDC) တို့ ပူးပေါင်း၍ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ဖွင့်လှစ်ထားသည့် သက်မွေးပညာကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေး စားဖိုဆောင် (Professional Training Kitchen) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ကျင်းပသည်။

 

mdn

 

ရှေးဉီးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဆွစ်ဇာလန်နိုင်ငံအစိုးရအနေဖြင့် ဆွစ်ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Swiss Agency for Development and Cooperation (SDC) မှတစ်ဆင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် သက်မွေးပညာကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး (၁၈)လကြာ လုပ်ငန်းခွင်နှင့် သက်မွေးပညာသင်တန်းကျောင်း ပေါင်းစပ်သင်ကြားမှု (Dual Apprenticeship) တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု သက်မွေးပညာကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးစားဖိုဆောင် (Professional Training Kitchen) သည် လက်ရှိကျင်းပနေသည့် လက်တွေ့ကျွမ်းကျင်မှု ပြိုင်ပွဲများအတွက် ပြိုင်ပွဲခန်းမအဖြစ် အသုံးပြုလျက်ရှိသည့်အပြင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ASEAN Worldskills Competition အတွက် Cooking and Restaurant Service ပညာရပ်များဆိုင်ရာ ပြိုင်ပွဲဝင်များအား လေ့ကျင့်သင်ကြားပေးသည့် သင်တန်းဆောင်လည်းဖြစ်ပါကြောင်း။

 

ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း (SDC)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သည့် ကနဦး သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ချက်သည် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ချမှတ်ထားသည့် ပညာရေးဝန်ကြီးဌာန၏ အဓိကဉီးစားပေး လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းလုပ်သားဈေးကွက်တွင် ဝင်ရောက်နိုင်မည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်အတွက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ကာလတို သက်မွေးပညာသင်တန်းများသည် စက်ရုံများအတွက် လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် အရေးပါသကဲ့သို့ ကာလရှည် သင်တန်းများသည်လည်း Technical and Soft Skills များ ပြည့်ဝသည့် Advanced Skilled လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် အရေးကြီးပါကြောင်း။

 

ယခု အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)ရှိ သက်မွေးပညာ ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးစားဖိုဆောင် (Professional Training Kitchen)သည် အချက်အပြုတ် သက်မွေးပညာဆိုင်ရာ ကာလတို၊ ကာလရှည်သင်တန်းများအတွက် ဖွင့်လှစ်သင်ကြားပေးနိုင်ပါကြောင်း၊ လုပ်ငန်းခွင်နှင့် သက်မွေးပညာသင်တန်းကျောင်း ပေါင်းစပ်သင်ကြားမှု (Dual Apprenticeship)၏ ရေရှည်အောင်မြင်မှုသည် သင်တန်းထောက်ပံ့ပေးသူများ၊ သင်တန်းပေးသည့် ဆရာများနှင့် လုပ်ငန်းရှင်များ၏ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု အပေါ်တွင် မူတည်နေခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာတင်မ်အန်ဒါလင်က အမှာစကားပြောကြားပြီး Swiss Contact မှ Team Leader ဖြစ်သူ Ms.Sabine Roth က အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာ အစီအစဉ်အကြောင်းကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး မစ္စတာတင်မ်အန်ဒါလင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အင်းစိန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် Swiss Contact မှ Myanmar and Asia Director , Mr. Manish Pandey တို့က သက်မွေးပညာ ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေး စားဖိုဆောင် (Professional Training Kitchen) အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများက သက်မွေးပညာကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးစားဖိုဆောင်အတွင်း အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲအတွက် Cooking and Restaurant Service ပြိုင်ပွဲဝင်နေသူများကို အားပေးကြည့်ရှုသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ  MICT Park  ပင်မဆောင်၌ ကျောင်းသား ကျောင်းသူများ၏ နည်းပညာ တီထွင်ဆန်းသစ်မှုများ ရှိလာရန်၊ သိပ္ပံနည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ တိုးတက်စေရန်နှင့် ပြိုင်ပွဲမှတစ်ဆင့် လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် Clash of Robots Team(COR)တို့ ပူးပေါင်းကျင်းပသည့် “World Robot Games (Myanmar)2020” ပြိုင်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn