မန္တလေး ၂၅ ဇန်နဝါရီ

နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀ဝ ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့ ဘောလုံးအားကစားကွင်းတွင် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းတို့က နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀ဝ ပြည့် ပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ရွှေမန်းမြို့ကြီးသည် ယဉ်ကျေးမှုအမွေအနှစ် ထွန်းကားရာ၊ ထိန်းသိမ်းရာ မြို့တော်ဖြစ်သည်ဟု မြင်ပါကြောင်း၊ ယခုလိုမြို့တော်ကြီးတွင် စာဖတ်အသင်းကြီး နှစ် ၁၀ဝ ပြည့်သွားခြင်းသည် အင်မတန် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစရာတစ်ခုလို့ ပြောချင်ပါကြောင်း၊ အဆိုပါအသင်းကြီးသည် ရိုးရိုးစာဖတ်အသင်းမဟုတ်ဘဲ အနုပညာ၊ စာပေ၊ ဘာသာတရားနှင့်ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ပါကြောင်း၊ နှစ် ၁၀ဝ အတွင်း၌ စာဖတ်အသင်းကြီးသည် နန်းတော်ရှေ့မှာပင် နေရာအမျိုးမျိုး ပြောင်းရွှေ့ဖွင့်လှစ်မှုများ ကြုံတွေ့ခဲ့ရပြီး ၁၉၃၈ ခုနှစ်မှစ၍ ယခု လက်ရှိနေရာတွင် အခြေတည်ခဲ့ကြောင်း၊ နှစ် ၁၀ဝ တိုင်အောင် တည်တံ့လာခဲ့သည့် စာကြည့်အသင်းကြီးသည် မန္တလေးမြို့သူ မြို့သားများ၏ အားပေးမှု၊ အသင်းအဖွဲ့ အမျိုးမျိုး၏ အားပေးမှု၊ စာဖတ်ပရိသတ်နှင့် ယဉ်ကျေးမှု ထိန်းသိမ်းသူများ၏ အားပေးမှုကြောင့် နှစ် ၁၀ဝ မှသည် နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ ပါစေကြောင်းနှင့် ယခုထက်ပိုမိုဖွံ့ဖြိုးတက်မည်ဟုလည်း ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မုဒိတာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း၏ ရာပြည့်ပွဲတော် အခမ်းအနားသို့ စာကြည့်အသင်းကော်မတီဝင်များမှ ဖိတ်ကြားခဲ့သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးကလည်း ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း စာဖတ်အသင်း စာကြည့်အသင်းနှင့် စာကြည့်တိုက်များကို အင်မတန် နှစ်သက်ဝါသနာပါသည့်အပြင် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့်လည်း တာဝန်ရှိသည့် အစိတ်အပိုင်းဖြစ်သည့်အတွက် ယခုလို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် တက်ရောက်လာခြင်းဖြစ်ပါကြောင်း၊ စာကြည့်အသင်းတစ်ခု သို့မဟုတ် စာကြည့်တိုက်တစ်ခု နှစ် ၁၀ဝ အထိ တည်တံ့နေခြင်းသည် မြန်မာနိုင်ငံအဖို့ အင်မတန် အံ့ဩဂုဏ်ယူ ဖွယ်ရာဖြစ်ပါကြောင်း၊ အသင်းကြီး၏ ရာဇဝင်အရ စတင်ထူထောင်ခဲ့သည် ပုဂ္ဂိုလ်များတွင် မြန်မာနိုင်ငံတစ်လွှား လူကြီးလူငယ်မရွေး သိရှိကြသည့် ဆရာကြီး ဦးရာဇတ်၊ အနုပညာရှင်ကြီး နန်းတော်ရှေ့ ဆရာတင် စသည့် ပုဂ္ဂိုလ်များ ဦးဆောင်ထူထောင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
စာကြည့်အသင်းကြီးသည် ၁၉၁၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် မှတ်ပုံတင်၍ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းအဖြစ် တည်ရှိကာ ယခုနှစ်တွင် ရာပြည့်အခမ်းအနား ကျင်းပခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် ရာပြည့်အခမ်းအနားများ ကျင်းပရန် စီစဉ်နေပါကြောင်း၊ ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားနှင့် ၁၉၂၀ ခုနှစ်တွင် အကြောင်းပြုဖြစ်ပေါ်ခဲ့သည့် အမျိုးသားနေ့ ရာပြည့်ပွဲတော်လည်းကျင်းပရန် ရှိပါကြောင်း၊ ထို့ပြင် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်ပွဲတော်ကိုလည်း ကျင်းပရန်ရှိကြောင်း၊ ၁၉၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ သမိုင်း၌ အလွန်အရေးပါသည့် အလှည့်အပြောင်း အများဆုံး နှစ်တစ်နှစ်ဟု စဉ်းစားနိုင်ပါကြောင်း။
၁၉၀ဝ ပြည့်နှစ်နောက်ပိုင်းတွင် အမျိုးသားရေးစိတ်ဓာတ်များ ပြန်လည်နိုးကြားကာ အသင်းအဖွဲ့များ ပေါ်ပေါက်လာပြီး YMBA ကဲ့သို့ ထင်ရှားသည့်အသင်းကြီး ပေါ်ပေါက်လာကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းတွင် စာပေအသင်း၊ ဘာသာရေးအသင်း၊ လူမှုရေးအသင်း အမြောက်အမြားပေါ်ထွန်းလာကာ ၁၉၂၀ ခုနှစ်တွင် အသင်းအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ဂျီစီဘီအေ အသင်းချုပ်ကြီးပေါ်ထွန်းလာပါကြောင်း၊ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်ကာလသည် မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုသမိုင်းတွင် အလွန်အရေးကြီး သည့်နှစ်ဟု မြင်ပါကြောင်း၊ ယခုလိုနှစ်ပိုင်းတွင် ထူထောင်ခဲ့သည့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းသည် စာဖတ်ရုံ၊ စာပေဆွေးနွေးရုံသာမကဘဲ စာကြည့်အသင်းကို အကြောင်းပြု၍ အမျိုးသားရေးအကျိုးအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို အများအပြား လုပ်ဆောင်ခဲ့ကြမည်ဟု ထင်ပါကြောင်း၊ အဆိုပါအသင်းများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အထောက်အကူပြုခဲ့ကြသည့် အသင်းအဖွဲ့များအဖြစ် မြင်ပါကြောင်း။
၁၉၂၀ ပြည့်နှစ်ကာလသည် မြန်မာလူမျိုးများ စိတ်ဓာတ်နိုးကြား တက်ကြွသည့်ကာလ အသိပညာ ရှာမှီးလိုသည့်စိတ်ဓာတ်၊ စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြင့် လှုပ်ရှားဆောင်ရွက်မှု အများဆုံး လုပ်ဆောင်ခဲ့ကြသည့် အချိန်ကာလတစ်ခု ဖြစ်မည်ဟု ထင်မြင်ပါကြောင်း၊ မိမိတို့သည် ကမ္ဘာတွင် ဖြစ်ပျက်နေသည့် ကိစ္စများ၊ ကမ္ဘာက လုပ်ဆောင်နေသည့် ကိစ္စများကို မသိရှိသည့်အတွက် သူ့ကျွန်ဘဝသို့ ရောက်ရှိခဲ့သည်ဟု ထင်မြင်ပါကြောင်း၊ ထိုအချိန်က အသိပညာရှိသော ပုဂ္ဂိုလ်ကြီးများ ပြောကြားခဲ့ကြသည့် စကားသုံးခွန်းမှာ ကမ္ဘာကို မြန်မာက သိဖို့၊ မြန်မာကို ကမ္ဘာက သိဖို့နှင့် မြန်မာအကြောင်းကို မြန်မာတွေ သိဖို့ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အလေးထား ပြောကြားလိုသည်မှာ ကမ္ဘာကို မြန်မာတွေ သိဖို့ဖြစ်ပါကြောင်း၊ နဂါးနီစာအုပ် အသင်းကြီးသည်လည်း ကမ္ဘာအသိ၊ နိုင်ငံရေးအသိအမြင်များ ရရှိစေရန် လုပ်ဆောင်ပေးခဲ့ပါကြောင်း၊ ထိုအချိန်ကာလက ကမ္ဘာကို သိရှိစေရန် စာပေဖတ်ရှုခြင်း၊ စာပေဆွေးနွေးခြင်း၊ စာကြည့်အသင်းများ ထူထောင်ကာ လွတ်လပ်သော နိုင်ငံဖြစ်စေရေးအတွက် ရုန်းကန်လှုပ်ရှားခြင်းများဖြင့် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစားခဲ့ကြပါကြောင်း။
ယနေ့ခေတ်တွင် ယခုကဲ့သို့ စာကြည့်အသင်းများ အများအပြား ပိုမိုလိုအပ်နေပါကြောင်း၊ စာကြည့်သင်းများ၊ စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများမှတစ်ဆင့် ကမ္ဘာကို မြန်မာကသိရှိရန် အလေးထားလုပ်ဆောင်ရမည်ဟု ပြောလိုပါကြောင်း၊ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀ဝ ပြည့်သည်အထိ ဝိုင်းဝန်းထူထောင်လာကြသည့် ပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါကြောင်း၊ ယနေ့ ရာပြည့်မှစပြီး လွန်ခဲ့သည့် နှစ် ၁၀ဝ ကာလ အသင်းစတင် တည်ထောင်ချိန်က စိတ်ဓာတ်များဖြင့် ဆက်လက်လှုပ်ရှားဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက မန္တလေးမြို့တွင် ပူးပေါင်းဆောင်ရွက်မှု အလေ့အထဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အသင်းကြီးများ အမြောက်အများရှိပါကြောင်း၊ အဆိုပါအသင်းကြီးများ ရေရှည်တည်တံ့ခိုင်မြဲနေခြင်းမှာ ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ သီလသိက္ခာမြဲမြံကြခြင်း၊ စည်းမျည်းစည်းကမ်းခိုင်မာခြင်း၊ ပင်ကိုယ်စရိုက်ကပင် ပရဟိတအားထုတ်မှုကောင်းခြင်း စသည့် အကြောင်းတရားများကြောင့် ဖြစ်ပါကြောင်း၊ ယနေ့ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်ပွဲတော်ကျင်းပနိုင်ခြင်းသည် ၎င်းအသင်းကြီး၏ အစဉ်အလာကြီးမားမှုနှင့် ဂုဏ်သိက္ခာ ကြီးမားမှုကို ဖော်ပြရုံသာမက မန္တလေးမြို့ကြီး၏ အစဉ်အလာနှင့် ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းမြှင့်တင်ပေးရာရောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စာရေးဆရာ ချစ်ဦးညိုက နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်းပွဲတော် ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀ဝ ပြည့် ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သင်းက နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀ဝ သက်တမ်းဖြတ်သန်းခဲ့ပြီး ယနေ့တွင် ရာပြည့်ပွဲတော်အထိမ်းအမှတ်အဖြစ် မော်ကွန်းတင်နိုင်ခဲ့ကြောင်း ယနေ့ ရာပြည့်ပွဲတော်မှသည် နောင်နှစ်ပေါင်းများစွာအထိ စာကြည့်အသင်းကြီး ဆက်လက်ရှင်သန်နိုင်ရန် ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များသည် နန်းတော်ရှေ့ဘောလုံးကွင်းအတွင်း ခင်းကျင်းပြသထားသည့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းသမိုင်းမှတ်တမ်းပြခန်း၊ ပန်းချီကာတွန်းပြခန်းနှင့် စာအုပ်စာပေအရောင်းဆိုင်များကို လည်းကောင်း၊ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်၊ ၁၉ လမ်းနှင့် လမ်း ၂၀ ကြားတွင် တည်ထောင်ဖွင့်လှစ်ထားသည့် နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်းကိုလည်းကောင်း ကြည့်ရှုလေ့လာကြသည်။

နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်းသည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပထမဆုံးမှတ်ပုံတင်ထားသည့် စာကြည့်တိုက်၊ မန္တလေးမြို့၏ သက်တမ်းအရှည်အကြာဆုံး စာကြည့်သင်းကြီး ဖြစ်သည်။ နန်းတော်ရှေ့စာကြည့်သင်းကို ဆဋ္ဌသင်္ဂါယနာတင် ဝန်ဆောင်ပုဂ္ဂိုလ် ဦးဓမ္မာဘိဝံသကဲ့သို့ သာသနာ့အာဇာနည်များ ပါဝင်သကဲ့သို့ ပညာရေးဝန်ကြီးဟောင်း အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်၊ နန်းတော်ရှေ့ဆရာတင် စသည့် ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးများက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ပရိယတ္တိစာကြည့်သင်းမှ မြို့ရှေ့ စာကြည့်သင်း၊ ၎င်းမှ နန်းတော်ရှေ့စာကြည့်သင်းစသည်ဖြင့် ခေတ်အဆက်ဆက်တွင် တည်ထောင်လာခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နှစ်တစ်ရာပြည့် အခမ်းအနားကြီးအဖြစ် ဂုဏ်ယူဝမ်းမြောက်ဖွယ် ကျင်းပခြင်းဖြစ်သည်။

နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ဝ ခန့်က ရှားပါးသော စာအုပ်စာစောင်များ၊ သတင်းစာ၊ မဂ္ဂဇင်းများနှင့် ပေစာ၊ ပုရပိုက်များ၊ ရည်ညွှန်းကိုးကားနိုင်သည့် စာအုပ် စာစောင်များ စသည်ဖြင့် စာအုပ်အမျိုးအစားပေါင်း သုံးသောင်းခန့် ထိန်းသိမ်းစောင့်ရှောက်ထားပြီး အသင်းသားဦးရေမှာ တစ်သောင်းကျော် ရှိနေသည်။
အဆိုပါ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာစာကြည့်သင်း ရာပြည့်ပွဲတော်ကြီးကို ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်ထိ ညစဉ် စာပေဟောပြောပွဲများ၊ တေးဂီတဖျော်ဖြေပွဲများနှင့်အတူ စာပေပန်းချီကာတွန်းပြခန်းများ၊ စာအုပ်အရောင်းဆိုင် ၂၅ ဆိုင် ပါဝင်သည့် စာအုပ်ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်