ကျွန်းလှ ၂၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ်(၄၉၅)၊ ဦးပိုင်(၁၁)၊ တောင်သူဦးမင်းနိုင်၏ လယ်မြေ(၁၀)ဧကတွင် ယနေ့နံနက် ၈ နာရီက မိုးစပါးအပြီး မြေအောက်ရေဖြင့် ပဲတီစိမ်းသီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူများ ဝင်ငွေတိုးစေရန် သီးထပ်အဖြစ် ဆောင်းသီးနှံများ စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းများ၊ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ စံပြကွက်၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြသပြီး မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကျွန်းလှမြို့နယ်တွင် မိုးစပါးအပြီး လယ်ယာမြေများ၌ ပဲတီစိမ်း၊ ကုလားပဲ၊ နေကြာ၊ ပဲချဉ်ပေါင်၊ ပဲလွန်း စသည့်ဆောင်းသီးနှံများကို မြေအောက်ရေတင်ပြီး ခုတ်ဖုံးစနစ်၊ သီးကြိုရေလိုက်ကြဲစနစ်တို့ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)