ကြို့ပင်ကောက်  ၂၆  ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီက ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အိမ်တွင်းမှုလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော အမျိုးသမီးငယ်များ၏ ဘဝတိုးတက်ရေးနှင့် ရပိုင်ခွင့်များ အပြည့်အဝရရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သာယာဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်မြင့်အေးနှင့် အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မြန်မာကြို့ပင်ကောက် ဇာထိုးပန်းထိုးစက်ရုံနှင့် အမျိုးသမီး အဝတ်အထည်များ ဘချုပ်လုပ်သော Body Fits အိမ်တွင်းမှုလုပ်ငန်းများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေကြသော အမျိုးသမီးများအား အားပေးစကားပြောကြားပြီး အလုပ်ရှင်များဖြင့် တွေ့ဆုံ၍ အလုပ်သမား အမျိုးသမီးများ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရေး ဘဝလုံခြုံစိတ်ချစေရေးတို့အတွက် ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များကို တွေ့ဆုံပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ စည်းကမ်းချက်များ၊ ရည်ရွယ်ချက်များနှင့် လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဇေယျာထွန်း(ကြို့ပင်ကောက်)