ယင်းမာပင် ၂၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ သဘာဝအလျောက်တည်ရှိနေသော ရေလျှံဇုန်အတွင်းမှ အစိုးရပိုင်ရေလျှံတွင်းများ၊ တောင်သူပိုင်ရေလျှံတွင်းများနှင့် သောက်သုံးရေလျှံတွင်းများကို အထောင်ပိုက်နှင့် ရေဂိတ်ဘားများ တပ်ဆင်ပေးခဲ့သဖြင့် မြေအောက်ရေ Level ပြန်လည်မြင့်တက်လာသဖြင့် ယခင်ထက် ရေပြန်လည်လျှံတက်လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်များအရ သိရသည်။
ရေလျှံတွင်းများကို ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ မြေအောက်ရေလေလွင့်ဆုံးရှုံးမှု ထိန်းသိမ်းနိုင်စေရန် အထောက်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင်ခြင်းလုပ်ငန်းအဖြစ် ဌာနပိုင်တွင်း (၂၅၆)တွင်းနှင့် ပုဂ္ဂလိက တောင်သူပိုင် ရေလျှံတွင်း(၉၈၃)တွင်း စုစုပေါင်း (၁၂၃၉)တွင်းတို့ကို တပ်ဆင်၍ ရေကိုထိန်းပေးနိုင်ခဲ့သဖြင့် မြေအောက်ရေ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုအရင်ကတော့ ရေလျှံတွင်းက ရေကိုမလိုအပ်လဲ ဒီအတိုင်းပဲ ဖွင့်ပြီးလွှတ်ထားကြတာပါ၊ အခုဆိုရင် စိုက်ပျိုးရေးတွင် အသုံပြုတဲ့ ရေတွင်းတွေကို အထောင်ပိုက်တွေတပ်ပြီး ရေဂိတ်ဘားတွေ တပ်ဆင်အသုံးပြုတဲ့အခါမှာ လိုအပ်တဲ့အခါဖွင့်သုံးကာ မလိုအပ်တဲ့အချိန်ဆို ပိတ်ထားလိုက်ပါတယ်။ ဒီလို စိုက်ပျိုးရေမလိုလို့ ပိတ်ထားတဲ့အချိန်တွေဆိုရင် အရင်က ရေထွက်နည်းနေတဲ့ အမြင့်ပိုင်းက ရေတွင်းတွေမှာ ရေပြန်လည်ထွက်လာပါတယ်။ အဲ့ဒါကြောင့် အထောက်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင်အသုံးပြုတဲ့ စနစ်က ကောင်းတယ်လို့မြင်ပါတယ်။ ရေလေလွင့်ဆုံးရှုံးမှုကို ထိန်းပေးနိုင်သလို အရင်က ရေထွက်နည်းတဲ့တွင်းတွေလည်း ရေပြန်ထွက်လာတာကို လက်တွေ့မြင်တွေ့လာရပါတယ်”ဟု ယင်းမာပင်မြို့နယ် ရွာသာကျေးရွာမှ ရေလျှံတွင်းရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူ ဦးဇော်သန်းထွဋ်က ပြောသည်။
ရေလျှံဇုန်အတွင်းရှိ ရေလျှံတွင်းများကို ယခင်က (၂၄)နာရီဖွင့်ထားခြင်း၊ ပုဂ္ဂလိကတောင်သူတွင်းများ ကိုယ်ပိုင်သောက်သုံးရေတွင်းများ အတားအဆီးမဲ့ တူးဖော်လာခြင်းတို့ကြောင့် မြေအောက်ရေ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အမြင့်ပိုင်းရှိ ရေလျှံတွင်းများတွင် ရေအထွက်လျော့ကျခြင်း၊ အချို့တွင်းများ ရေလုံးဝမထွက်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ရေလျှံဇုန်ကြီး ရေရှည်တည်တံ့စေရေး၊ ရေကိုစနစ်တကျ အသုံးပြုလာစေရေးတို့အတွက် ရေလျှံတွင်းများကို အထောက်ပိုက်များနှင့် ရေဂိတ်ဘားများတပ်ဆင်ပေးခဲ့ပြီး တပ်ဆင်ပြီးချိန်တွင် စနစ်တကျအသုံးပြုကြသဖြင့် မြေအောက်ရေ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ပိုက်တွေ ရေဂိတ်ဘားတွေတပ်ဆင်ပြီး မိုးနည်းတဲ့အချိန်တွေမှာ မြေအောက်ရေကို ထိန်းနိုင်အောင် အချို့နေရာတွေ ကြိုတင်စီစဉ်နိုင်တယ်လို့ ပြောရမယ်၊ မြေအောက်ရေကို တစ်အားထုတ်သုံးနေရင်လည်း ရေလျှံဇုန်အတွင်း ဝင်တာနဲ့ထွက်တာ မမျှတရင် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်တာမို့ အထောက်ပိုက်တပ်တာ၊ ရေဂိတ်ဘားများတပ်ဆင်ကာ အဖွင့်အပိတ်လုပ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်နေသေးတဲ့ ရေလျှံတွင်းတွေကို ထပ်ပြီးတပ်ဆင်ပေးဖို့လည်း စီစဉ်နေပါတယ်”ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။
ယင်းမာပင်ရေလျှံဇုန်အတွင်းတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ အစိုးရပိုင် ရေလျှံတွင်း (၄၅၀)တွင်း၊ သောက်သုံးရေတွင်း (၁၄၉၀)တွင်းနှင့် ပုဂ္ဂလိကတောင်သူပိုင် စိုက်ပျိုးရေးအသုံးပြု ရေလျှံတွင်း (၁၄၅၀)တွင်း စုစုပေါင်း (၃၃၉၀)တွင်းရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)၏ ကွင်းဆင်းစစ်ဆေးမှုများအရ သိရသည်။
သန်းဌေးအောင်(ကနီ)