မူဆယ် ၂၆ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ အဝင်/အထွက် ဂိတ်များဖြစ်ကြသည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်တို့မှ ဝင်ထွက်သွားလာသည့် ပြည်သူများကို ကိုရိုနာဗိုင်းရစ်ပ် ကြိုတင်ကာကွယ်နိုင်ရန် ယနေ့ နံနက် ၁၀ နာရီက မူဆယ်မြို့၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးသည်။
“တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရစ်ပ်ဟာ ကူးစက်မှုမြန်ဆန်ပြီး လူသေဆုံးမှုတွေ ပိုမိုများပြားလာပါတယ်၊ မူဆယ်မြို့မှာရှိတဲ့ ပြည်သူလူထုများအနေနဲ့လည်း ကြိုတင်ကာကွယ်ရန် လိုအပ်မယ်လို့ ထင်ပါတယ်၊ ဒါကြောင့် မူဆယ်မြို့၊ နယ်စပ်ဂိတ်ပေါက်ကနေ တရုတ်နိုင်ငံဘက်ကို နေ့စဉ်ဝင်/ထွက်သွားလာနေတဲ့ ပြည်သူလူထုများကို ရောဂါကူးစက်မှုကနေ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် ခုလိုနှာခေါင်းစည်း(Mask)တွေကို ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ်”လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူးချစ်စိန်က ပြောသည်။
လက်ရှိတွင် မူဆယ်မြို့ရှိ ဈေးဆိုင်များ၌ Mask များ ဝယ်ယူရန်ခက်ခဲလာပြီး မူဆယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တစ်ဦးလျှင် နှာခေါင်းစည်း(Mark) တစ်ခုနှုန်းဖြင့် ဖြန့်ဝေးပေးသည်။ မြန်မာ-တရုတ်၊ နယ်စပ်ဂိတ်ပေါက်မှ ခရီးသွားဧည့်သည်များ၊ မြန်မာပြည်သူများနှင့် မြန်မာအလုပ်သများများ နေ့စဉ် အဝင်/အထွက်ပြုလုပ်လျက်ရှိပြီး ကိုရိုနာဗိုင်းရစ်ပ်နှင့် ပတ်သက်၍ အထူးသတိထားရန် လိုအပ်သည့် နယ်စပ်မြို့လည်းဖြစ်သည်။
မူဆယ်မြို့၊ ကျန်းမာရေးဦးစီးဌာနကလည်း မူဆယ်မြို့ရှိ နယ်စပ်ဂိတ်ပေါက်များတွင် ကိုရိုနာဗိုင်းရစ်ပ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဝင်/အထွက်ပြုလုပ်သူများကို စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)