နေပြည်တော် ၂၆ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့်(၂)ဖြစ်သည့် တောင်ငူ -ရန်ကုန်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အုတ်တွင်းဘူတာရှိ CP.103 လုပ်ငန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ တာဝန်ရှိသူများက လမ်းပိုင်းပြုပြင်ခြင်း လုပ်ငန်းအား အပိုင်းလိုက်ခွဲ၍ လုပ်ငန်းဆောင်ရွက်ထားမှု၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ကွန်ကရစ် ဇလီဖားနှင့် သံလမ်းများရောက်ရှိမှု၊ Welding Machine များဖြင့် သံလမ်းဆက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ Railpile ရိုက်ခြင်းလုပ်ငန်း၊ မြေသားတာ ဘောင်များအား စက်ဖြင့်ကြိတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် DEMU တွဲဆိုင်းများ ရောက်ရှိမည့် အခြေအနေ၊ စမ်းသပ်ပြေးဆွဲသွားမည့် အခြေအနေ၊ အချက်ပြဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကန်ထရိုက်များနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားအမှတ် ၂၀၅ ဖြူးချောင်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တံတားလုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် ဖြူးဘူတာသစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အမီပြီးစီးရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊ ရေလုံလောက်စွာရရှိစေရေး၊ သန့်စင်ခန်းနှင့် မိလ္လာကန်များအား စနစ်တကျတည်ဆောက်သွားကြရန်၊ ဘူတာတည်ဆောက်နေစဉ် ကာလအတွင်း ခရီးသွားပြည်သူများ သက်သောင့်သက်သာ နားနေနိုင်ရန်နှင့် စိတ်ချမ်းမြေ့စွာခရီးသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွန်တန်ဆာရှိ CP . 102 ပဲခူး-ညောင်လေးပင်လမ်းပိုင်း လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ရထားလမ်းတစ်လျှောက် ကျောက်များဖယ်ရှားခြင်းနှင့် မြေသားလုပ်ငန်းဆောင်ရွက်ထားမှု၊ တံတားတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ မြေထိန်းနံရံများ ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြား တံတားအမှတ် ၁၁၅ ဘိုင်တားချောင်းတံတားတည်ဆောက်နေမှု၊ ဒိုက်ဦးဘူတာနှင့် အိမ်ခြေလေးဆယ် ဘူတာအကြား တံတားအမှတ် ၁၁၁ ကောလိယချောင်းတံတား တည်ဆောက်နေမှု၊ လမ်းတစ်လျှောက်လမ်း ပိုင်းများနှင့် တံတားများပြုပြင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ထုံးကြီးဘူတာရှိ CP.101 ၌ သံလမ်းဆက်များ ပြုလုပ်ထားရှိမှုနှင့် အဆက်များ ကြံ့ခိုင်မှုကိုစက်ဖြင့်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်မည့် သံလမ်းများအား ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)